တလော တုန်းက အစိုးရကြေညာချက် တခုမှာ ပြည်တွင်းမြစ်ကြောင်း ခရီးသွားလုပ်ငန်းများအတွက် တသီးပုဂ္ဂလရင်းနှီး မြှုပ်နှံ လိုသူတွေကို ခွင့်ပြုတော့မယ်လို့ တွေ့လိုက်ရတယ်။ တချိန်ထဲဆိုသလို မြစ်ချောင်း ရေလမ်းကြောင်းများနဲ့ ပတ်သက်ပြီး ပြောစရာတွေလည်း ပေါ်လာပြန်တယ်။ နိုင်ငံတခုအတွင်းမှာ စီးပွားရေး လူမှုရေး ကိစ္စအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားကြတဲ့အခါမှာ ရေလမ်း၊ ကုန်းလမ်းနဲ့ လေကြောင်း စတာတွေကို အသုံးပြုပြီး သွားလာကြပါတယ်။ မြန်မာနိုင်ငံလို အများစုက ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံမျိုးမှာတော့ ပြည်တွင်း ခရီးသွားလာတဲ့ အခါမှာ လေယာဉ်စီးသွားဖို့ ဆိုတာ ငွေကြေးအရ အကုန်အကျ များလွန်းတာမို့ ရေလမ်းနဲ့ ကုန်းလမ်းကိုပဲ အားထားပြီး သွားလာကြပါတယ်။ အဲသည် အထဲမှာ ရေလမ်းနဲ့ ခရီးသွားခြင်းဟာ အချိန်အားဖြင့် ကုန်လမ်းထက် ပိုပြီးကြာမြင့် ပေမယ့် ကုန်ကျစရိတ် ကျတော့ ကုန်းလမ်းထက် အများကြီး သက်သာပါတယ်။
အခုခေတ်မှာတော့ တချို့ဒေသတွေမှာ ဟိုရှေးတုန်းကလို ရေကြောင်းပို့ဆောင်ရေးကို အဓိက အားကိုးတာမျိုး မရှိ တော့ဘဲ ကုန်းလမ်းခရီးကို ပိုပြီး အားထားလာတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကုန်းလမ်းကနေ ကားနဲ့ သွားခြင်းဟာ မြစ်ကြောင်းရေလမ်းထဲမှာ မော်တော်သင်္ဘော အစရှိတာတွေထက် ပိုမိုမြန်ဆန်တဲ့အတွက် ဖြစ်ပါတယ်။ အထူးသဖြင့် မြစ်ကြောင်းတလျှောက် ရေလမ်းကို အားကိုးနေရဆဲ အရပ်ဒေသ တွေကတော့ အထူးသဖြင့် ကားလမ်း တွေ တံတားတွေ တိုးတက်မလာသေးတဲ့ အရပ်ဒေသတွေပဲ ဖြစ်ပါတယ်။ ကားနဲ့ခရီးထွက်တာ၊ ကားနဲ့တင်ပို့တာထက် နှေးကွေးပေမယ့် ရေလမ်းခရီးကို အားကိုး နေဆဲဖြစ်ရတဲ့ အကြောင်းအရင်း တခုရှိပါတယ်။ အဲတာကတော့ တချို့သော ကုန်စည်ပစ္စည်း တွေကို ရေလမ်းကနေ တင်ပို့တာဟာ ကုန်းလမ်းကနေ တင်ပို့တာထက် အဆပေါင်းများစွာ ဈေးသက် သာတာ ကြောင့်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် မပုတ်မသိုးတဲ့ ကုန်ပစ္စည်းမျိုး တွေကိုဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ တခုလောက် ပြောရရင် ရန်ကုန်ကနေ ဘိလပ်မြေအိတ်တွေကို မန္တလေးပို့မယ် ဆိုပါစို့။ ကုန်ကားတွေနဲ့ တင်ပို့ရတဲ့ ကုန်ကျ ငွေဟာ မြင့်မားပါတယ်။ ဒါကြောင့် ရှေ့ကနေ မော်တော်နဲ့ ဆွဲသွားရတဲ့ တွဲသဗ္ဗာန်ကြီးတွေနဲ့ တင်ပို့တာမျိုးက အတော်ကြီးကို ဈေးသက်သာပါတယ်။
ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင် ကားလမ်းတွေ တံတားတွေ အရင်ကထက် ပိုမိုများပြားလာတာကြောင့် ကုန်းလမ်း ခရီးသွားလာမှုဟာ ပိုပြီးတိုးတက် ပိုပြီးလူသုံးများ လာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရေလမ်းခရီးကို လုံးလုံး မျက်ကွယ်ပြုလို့ မရသေးတာကိုလည်း တွေ့ရပါတယ်။ လက်တွေ့ကြည့်မယ်ဆိုရင် ဧရာဝတီမြစ်ကြောင်း တလျှောက်မှာ မော်တော်၊ မြစ်တွင်းသွားသင်္ဘော စတာတွေနဲ့ ခရီးသွားလာ ကူးသန်းရောင်းဝယ် နေတာတွေ ရှိနေပါသေးတယ်။ ချင်းတွင်းမြစ် တလျှောက် မှာလည်း အလားတူပါပဲ။ ရေစီးသန်တဲ့ သံလွင်မြစ်မှာတော့ သစ်ဝါးမျှော တာကိုပဲ အဓိကထားပြီး အသုံးပြုတယ် ဆိုပေမယ့် အတန်အသင့် ရေငြိမ်တဲ့ ကြားအရပ်မျိုးတွေ မှာတော့ တမြို့နဲ့တမြို့ တရွာနဲ့တရွာ မော်တော်တွေနဲ့ ကူးသန်းရောင်းဝယ် သွားလာနေဆဲ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ အခုအခါ ကားလမ်းတွေ တံတားတွေ ပိုမိုဆောက်လုပ် လာတာကြောင့် ကားကို အသုံးပြုပြီး သွားလာရောင်းဝယ် တာမျိုးတွေ ပိုများလာပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသရဲ့ မြေနိမ့်ခြင်း၊ နှစ်စဉ် ရေလွှမ်းမိုးခြင်း စတဲ့ သဘာဝတွေကြောင့် ရေကြောင်းကို အမီပြုပြီး ရောင်းဝယ် ဖောက်ကား နေရဆဲပဲ ဖြစ်ပါတယ်။ ရေကြောင်း သွားလာ ရေးကို လုံးလုံးစွန့်ပစ်လို့ မရသေးပါဘူး။ အမေရိကန်လို ခေတ်အလွန်မီနေတဲ့ နိုင်ငံမှာတောင် မြစ်တွင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းဟာ အခုအထိ အတိုင်းအတာ တခုအထိ အာထားနေဆဲပါ။ မစ္စစပီမြစ်ကြီးရဲ့ မြစ်ကြောင်း တလျှောက်မှာ ကုန်တင်ပြီးသွားလာ စုံဆန်နေတဲ့ သင်္ဘောတွေကို အများကြီးပါ။
ပြီးခဲ့တဲ့ နှစ်အနည်းငယ် လောက်ကစပြီး မြန်မာပြည်ရဲ့ မြစ်အတွင်း ပြည်တွင်းရေကြောင်း သွားလာမှုတွေ အခက်အခဲနဲ့ ရင်ဆိုင် လာရတာကိုတွေ့လာရ ပါတယ်။ အဲသလို အခက်အခဲတွေ ရင်ဆိုင်လာရတာမှာ ယေဘူယျ အားဖြင့် ထောက်ပြရမယ့် အကြောင်းအရင်း တချို့ရှိနေ ပါတယ်။ ပထမ တချက်ကတော့ ကမ္ဘာကြီး ပူနွေးလာတဲ့ အကျိုးဆက် အဖြစ် မိုးခေါင်တဲ့ နှစ်တွေ ဆက်တိုက် ဆိုသလို ဖြစ်လာတာကြောင့် မြစ်တွင်းမှာ ရေနည်းပါးလာတာ ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ မြစ်တွေချောင်းတွေ၊ မြစ်လက်တက် ချောင်းလက်တက်တွေထဲမှာ ဆည်တွေ၊ တာတမံတွေ တည်ဆောက်လာတာ များပြားလာတဲ့ အတွက် ဖြစ်ပါတယ်။ စစ်အစိုးရ တက်လာတဲ့ ၁၉၈၈ ခုကနေ ကနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းမှာ တည်ဆောက်ခဲ့တဲ့ ဆည်အကြီးအသေး စုစုပေါင်းရဲ့ အရေအတွက်ဟာ ၁၅ဝ ကျော်ပါတယ်။
တတိယ အချက်ကတော့ မြစ်ထဲမှာ ရွှေကျင်တဲ့ တသီးပုဂ္ဂလ လုပ်ငန်းတွေ၊ ကုမ္ပဏီလေးတွေ များပြားလာတာကြောင့် ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ဧရာဝတီမြစ်ရဲ့ မြစ်ဆုံအောက်ဖက် တကြောမှာ တသီးပုဂ္ဂလ ရွှေကျင်တဲ့ စက်ဖောင်မျိုး တွေ ကိုးရာကျော် ရှိနေပါတယ်။ စက်ဖောင်တွေဟာ မြစ်ထဲက သဲတွေကို စက်နဲ့စုပ်ယူပြီး ရွှေကျင်တာ ဖြစ်ပါတယ်။ စက်ဖောင်တခုဟာ တနေ့ကို ရွှေကျင်တဲ့ လုပ်ငန်းအတွက် သဲတန်ချိန် နှစ်တန်ကနေ သုံးတန်အထိ စုပ်ယူ ကျင်ထုတ်ရ ပါတယ်။ စက်ဖောင်ပေါင်း ၉ဝဝ ကိုးရာကျော် တနေ့နေ့ စုပ်ယူကျင်ထုတ်တဲ့ သဲတန်ချိန်ကို တွက်ကြည့်လိုက်ပါ။ တရက်တရက်မှာ သဲတန်ပေါင်း ၂၇ဝဝ ကျော်ကို စုတ်ထုပ်ခံရပြီး သဲပုံကြီးတွေကို နေရာအနှံ့ မြင်နေရပါတယ်။ အဲသလို စက်ဖောင်တွေကို အသုံးပြုပြီး ရွှေကျင်နေတဲ့ နှစ်တွေဟာလည်း မနည်းတော့ပါဘူး။ တခြားမြစ်တွေ ချောင်းတွေထဲမှာ လည်း အဲသလို ရွှေကျင်နေတဲ့ စက်ဖောင်တွေ အများကြီး ရှိပါသေးတယ်။ ဒါက စက်ဖောင်နဲ့ မြစ်ထဲက သဲကို စုပ်ယူ တာပဲ ရှိပါသေးတယ်။ မြစ်ကမ်းပါး ချောင်းကမ်းပါးတွေကို မီးသတ်ပိုက်လို စက်ရေအားနဲ့ ဖြိုချပြီး ပြဒါးတွေ ဆိုင်ယာနိုက်တွေနဲ့ ရွှေဖမ်းတဲ့ လုပ်ငန်းမျိုးတွေလဲ ရှိနေပါသေးတယ်။ မိုးခေါင်လို့ မြစ်တွင်းမှာ ရေနည်းလာရတဲ့အထဲ ဆည်ဆောက်တဲ့ လုပ်ငန်း၊ ရွှေကျင်တဲ့ လုပ်ငန်းတွေကြောင့် မြစ်ကြောင်းတွေဟာ မပြောင်းဘဲ ခံနိုင်ပါတော့မလား။
နောက်တချက်ကတော့ အစိုးရအနေနဲ့ မြစ်အတွင်း သဲပို့ချတာ များလာတဲ့ နေရာတွေမှာ သဲသောင်တွေကို သောင်ခုတ် စက်တွေနဲ့ တူးယူခုတ်ယူ ဖယ်ရှားပြစ်ရတဲ့ လုပ်ငန်းမျိုးကို နှစ်တိုင်းဆိုသလို လုပ်ဆောင်ဖို့ ပျက်ကွက်တာ ကလည်း မြစ်ကြောင်း ပြောင်းလာရခြင်းရဲ့ နောက်ထပ်အကြောင်းအရင်း တခုပါ။ အင်္ဂလိပ် ကိုလိုနီခေတ်တုန်းကတော့ အထူးသဖြင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ် တွေထဲမှာ နွေရာသီ သောင်ထွန်းလာပြီဆိုရင် မော်တော်တွေ သင်္ဘောတွေ လွယ်လွယ်သွားနိုင်ဖို့ သောင်ခုတ် စက်တွေနဲ့ ရေလမ်းကြောင်းတွေကို ပြန်ဖော်ပေးလေ့ ရှိပါတယ်။ မဆလခေတ် အထိတောင် နွေဆိုရင် ဧရာဝတီမြစ်ထဲမှာ သောင်ခုတ်စက်တွေ ဟိုမှာဒီမှာ ဆိုသလို အလုပ်လုပ်နေတာ မြင်ရပါသေး တယ်။ ဒါပေမယ့် အခုခေတ်မှာတော့ အစိုးရအနေနဲ့ ရေလမ်းကြောင်းမှာ ပိတ်နေဆို့နေတဲ့ သဲသောင်တွေကို တာဝန်အရ လာရောက် ခုတ်ယူဖယ်ရှားတာမျိုး မရှိသလောက် ဖြစ်သွားပါပြီ။
မနှစ်နွေတုန်းကဆိုရင် ဧရာဝတီမြစ်အတွင်း မြင်းခြံတဝိုက်နဲ့ မကွေးဒေသ ဝန်းကျင်တွေမှာ ခါတိုင်းသွားနေကြ ရေစူး လေးပေ အမြင့်သာရှိတဲ့ ဝမ်းပြား မော်တော်ဘုတ်တွေတောင် လွယ်လွယ်နဲ့ သွားလာနိုင်ခြင်း မရှိခဲ့ပါဘူး။ မကြာခဏ သောင်တင်တဲ့ အတွက် မော်တော်ဝန်ထမ်းများနဲ့ ခရီးသည်တွေပါမကျန် ပေါက်တူးတွေကိုင်ပြီး သဲတူးရတာတွေ သောင်ပေါ်ကနေ မော်တော်ကို တွန်းချပေးရတာတွေကို လုပ်ရတာကြောင့် ခရီးသွားလာရတာ ကြန့်ကြာ နှောင့်နှေး တာနဲ့ ရင်ဆိုင်ရပါတယ်။ အလားတူ ပြဿနာမျိုးတွေကို နွေရောက်လာပြီဆိုရင် ချင်းတွင်းမြစ် အတွင်းမှာလည်း ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ တနှစ်တနှစ် မြစ်ရေနည်းလာတဲ့ ကာလကြီးမှာ မြစ်ကြောင်းပြောင်းစေ တတ်တဲ့ လုပ်ငန်းမျိုးတွေကို မတားဆီး နိုင်ဖူးဆိုရင် ရင်လေးစရာလို့သာ ပြောလိုပါတယ်။
မြစ်ရေစီးကြောင်းပြောင်းတဲ့အတွက် မြစ်တွင်းခရီးသွားလာရေးကိုသာ ထိခိုက်တာ မဟုတ်ပါဖူး။ မြစ်ကြောင်း တလျှောက်မှာ တည်ရှိနေတဲ့ ကျေးရွာတွေ အမြောက်အများလည်း ပျက်စီးခြင်း ပြောင်းရွှေ့ရခြင်း စတာတွေနဲ့ ရင်ဆိုင် နေရပါတယ်။ တချို့ ရွာတွေဟာ မူလက မြစ်ကမ်းနဲ့ နှစ်မိုင်၊ သုံးမိုင် စသဖြင့် အဝေးမှာ ရှိပေမယ့် အခုအချိန်မှာတော့ ရွာတဝက်နီးပါး မြစ်ကမ်းပြိုတဲ့အထဲ ပါသွားတာမျိုးလည်း ရှိနေပါတယ်။ တချို့ရွာတွေကတော့ တရွာလုံး ကမ်းပြိုတဲ့ အထဲ ပါသွားတာကြောင့် အခုအခါမှာ မြေပုံပေါ်မှာတောင် မကျန်ရစ်ခဲ့တော့ပါဖူး။ ရွာနဲ့အတူ စိုက်မြေပျိုးမြေတွေလည်း ဆုံးရှုံးရပါတယ်။ အစိုးရဆိုတဲ့ သူတွေ ဘာလုပ်နေကြသလဲ။
မြစ်ရေနည်းလာတဲ့ အထဲမှာ ရေစီးကြောင်းပြောင်းလာကြောင့် အကျိုးဆက် နောက်တခုကတော့ အထက်ပိုင်း ကနေ ရေစီးဆင်းလာတဲ့ နှုန်းလည်း နည်းပါးလာပါတယ်။ အထက်ပိုင်းက ရေစီးဆင်းမှု ရာခိုင်နှုန်း နည်းပါးလာတာကြောင့် မြစ်ဝကျွန်းပေါ် ဒေသအတွင်းကို စီးဝင်လာတဲ့ ရေပမာဏလည်း နည်းပါးလာပါတယ်။ စီးဆင်းလာတဲ့ ရေပမာဏ နည်းပါးလာ တာကြောင့် နှုန်းတင်မြေနု ဖြစ်ပေါ်နှုန်းလည်း ကျဆင်းလာပါတယ်။ နုံးတင်မြေနု ဖြစ်ပေါ်မှု ကျဆင်း နည်းပါးလာခြင်းဟာ ဆန်းစပါး စိုက်ပျိုးရေးကို ထိခိုက် လာစေပါတယ်။ အဲတာကြောင့် ဆန်းစပါး စိုက်ပျိုးရေးကို မထိခိုက်စေဖို့ လယ်သမားများ အနေနဲ့ လိုတာထက်ပိုပြီး ဓာတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေကို သုံးလာရပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဓာတုဗေဒပစ္စည်းတွေ အလွန်အကျွံ အသုံးပြုလို့ ထွက်လာတဲ့ ဆန်ဟာ နိုင်ငံတကာ ဈေးကွက်မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲပြန်ပါတယ်။ ဈေးကောင်းပေးပြီး ဝယ်မယ့်လူ မရှိတာကြောင့် အာဖရိက တိုက်က ဆင်းရဲတဲ့ နိုင်ငံမျိုးတွေကို အချဉ်ဖမ်းပြီး ရောင်းဖို့ ကြိုးစားရပါတယ်။
မြစ်ထဲမှာ ရွှေရှာတာတွေ ချက်ခြင်းရပ်ဖို့ လိုပါတယ်။ ဘာဆည်မှလည်း ထပ်မဆောက်ပါနဲ့။ မိုးခေါင်လို့ မြစ်ရေနည်း လာရတဲ့အထဲ သစ်တောတွေကို ထပ်မခုတ်ဖို့ ဆိုတာကလည်း အရေးကြီးပါတယ်။ ဟိုတနှစ်က အင်းလေးကန်ကြီး ရေခန်းသွားတယ် ဆိုတာ သစ်တောတွေကို ခုတ်လွန်းလို့ ဖြစ်ခဲ့ရတာပါ။ ၂ဝ၁၄ ကြရင်တော့ ဘယ်လိုနည်းနဲ့မှ သစ် မခုတ် ရတော့ဖူးလို့ ကြားရပြန်တယ်။ ဒီလိုဆိုရင် ၂ဝ၁၂ ကနေ ၂ဝ၁၄ အထိ ကြားကာလကတော့ သစ်ခုတ်ခွင့်ပြု ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေအတွက် နောက်ဆုံးပေးထားတဲ့ လုပ်ပိုင်ခွင့်လို့ပဲ ပြောရ တော့မှာပါ။ မြန်မာပြည်ကြီး ပြောင်းနေပြီ ပြောင်းနေပြီဆိုတာ ဘယ်ဟာကို ခေါ်ပါသလဲဗျာ။ မြစ်ကြောင်းတွေကတော့ ပြောင်းနေပါပြီ။
ဇော်မင်း
၁၉ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၂ ခုနှစ်

No comments:
Post a Comment