ရွက်မွန်စာမျက်နှာ

Thursday, December 13, 2012

လူသားဆန်မှု ဂရုပြုမိပါစေ

လက် ပတောင်းတောင်မှာ အင်အားသုံးနှိမ်နင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ တရားဝင် မတောင်းပန်ရင် အထွေထွေ သပိတ်အထိ ဆက်လက်ဆင်နွှဲသွားမယ်လို့ သံဃာတော်များက ဆိုထားပါတယ်။ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ် လို့ မြင်ပါတယ်။ အစိုးရဖက် အထွေထွေသပိတ်အထိ ဖြစ်လာမှာကို မလိုလားဘူး၊ စိုးရိမ်တယ်ဆိုရင် အမှန်တကယ် လေးလေးစားစားနဲ့ သံဃာတော်ထုကို တောင်းပန်ဖို့ လိုပါတယ်။ ဝတ်ကျေတန်းကျေ တောင်းပန်တာမျိုး ဆိုရင်တော့ ဝေဖန်ခံရဦးမှာပါ။ အခု ကျနော်တို့ တိုင်းပြည်မှာ လက်ပတောင်းကိစ္စ တခုထဲသာ မဟုတ်ဘဲ မိမိဆန္ဒကို ဖော်ထုတ်တဲ့ ပွဲတွေနေရာ အတော်များများမှာ တွေ့လာရပါတယ်။ ဒီနေရာမှာ အမြင်တွေ အမျိုးမျိုး ရှိလာတာလည်း တွေ့ရပါတယ်။

ဆန္ဒပြတာမှားသလား
ဒီကာလ တကြောမှာ လူတွေလမ်းပေါ်တက် ဆန္ဒပြတာ များနေပြီ၊ နေ့စဉ်ဆိုသလိုဖြစ်နေတယ်။ ဒါကြောင့် ဆန္ဒပြတာ တွေကို လျှော့ချသင့်တယ်လို့ တချို့က ဆိုပါတယ်။ ဆန္ဒပြတာတွေ များလာရင် အာဏာပိုင်တွေဖက်က နောက်ကြောင်း ပြန်လှည့်လေမလား ဆိုပြီး စိုးရိမ်တဲ့ လူပုဂ္ဂိုလ်များဆီက ထွက်လာတဲ့ စကားတွေပါ။ စိုးရိမ်တာကို မစိုးရိမ်နဲ့လို့လည်း မပြော လိုပါ။ ဒါပေမယ့် နစ်နာနေတဲ့ နိုင်ငံသားတွေဟာ မြန်မာနိုင်ငံမှာ သန်းနဲ့ချီပြီး ရှိနေတယ် ဆိုတာကိုတော့ မမေ့သင့်။ သန်းနဲ့ချီရှိနေတဲ့ လူတွေ နစ်နာနေတာ အတွက်လည်း စိုးရိမ်ပေးပါဦးလို့ ပြောလိုတယ်။ ဘဝပျက်တယ် ဆိုတာကို တကယ်တန်း နားမလည်နိုင်တဲ့ သူတွေအဖို့တော့ ဆန္ဒပြနေသူတွေကို နားလည်နိုင်ဖို့ ဝေးနေပါဦးမယ်။ အထူးသဖြင့် အမြင့်နိုင်ငံရေး ခေါင်းဆောင်မှုကိုပဲ စိတ်ဝင်စားသူများ အဖို့တော့ ပိုပြီးနားလည်နိုင်ဖို့ ခက်သလို၊ နားလည်တယ် ဆိုရင် တောင် နိုင်ငံရေးကစားလိုမှု (သို့မဟုတ်) တကြောင်းကြောင်းကို ထောက်ထားနေရလို့ ခဏဆိုင်းကြပါဦး၊ ခဏနားကြပါဦး လို့ ပြောကောင်း ပြောပါလိမ့်မယ်။ အဲသလို မပြောသင့်ဘူးလို့ တွက်ချက်မိတဲ့ လူရည်လည်သူတွေကတော့ ကနေ့နိုင်ငံရေး ဖြစ်စဉ်ဟာ အကဲဆတ်တဲ့ သဘောမျိုး ရှိနေသေးလို့ ညဏ်အမျှော်အမြင် ကြီးကြီးထားပြီး လုပ်ဆောင်ရမယ်လို့ ဆိုကြပါ တယ်။ အဲသလို ဆိုလိုက်တော့ လမ်းပေါ်ထွက် ဆန္ဒပြသူတွေဟာ ဉာဏ်အမျှော် အမြင်နည်းသူတွေလို့ ပြောရာရောက် ပြန်ပါရော။ နိုင်ငံသားတွေ နစ်နာနေတာကြောင့် နစ်နာနေတယ်လို့ သူတို့ဖက်က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတာဟာ လုံးဝမမှားဘူးလို့ ပြောပါရစေ။ တဖက်မှာလည်း ဒီမိုကရေစီကို သွားနေတယ်လို့ ထုတ်ဖော်ပြောကြားထားတဲ့ အစိုးရတရပ် အဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို သည်းခံနိုင်စွမ်း ရှိရပါလိမ့်မယ်။ လက်နက်မဲ့ ဆန္ဒပြသူတွေကို အင်အား အလွန်အကျွံ သုံးပြီး ဖြေရှင်းတာ မျိုးကိုလည်း နောင်မှာရှောင်ရှားဖို့ လိုပါတယ်။

ဝေဖန်တာမှားသလား
အသားလွတ်ဆဲနေတာမျိုးကို လိုအပ်တယ် မှန်တယ်လို့ မထောက်ခံနိုင်ပါဘူး။ ဒါပေမယ့် ဝေဖန်တာကိုတော့ ကြိုဆိုတယ်။ ဆန်းစစ်တာကို လက်ခံတယ်။ ထောက်ပြတာကို ဝမ်းသာတယ်။ အစိုးရကိုပဲ ဖြစ်ဖြစ် အစိုးရမဟုတ်သေးတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကိုပဲ ဖြစ်ဖြစ် ဝေဖန်တာထောက်ပြတာဟာ မရှိမဖြစ်လိုအပ်တယ်။ သူများကိုတော့ တင်းပုတ်နဲ့ထု ဝေဖန်ပြီး ကိုယ့်အချင်းချင်းကြတော့ ကြက်မွှေးနဲ့သတ်ပြီး ဝေဖန်တာမျိုးကို ဆိုလိုတာ မဟုတ်ပါ။ အစိုးရရော၊ စစ်တပ်ရော၊ အတိုက်ခံ နိုင်ငံရေး အင်အားစုတွေကော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကော၊ အန်ဂျီအိုတွေကော၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေရော အဝေဖန် ခံနိုင်ဖို့ အဆင်သင့် ဖြစ်ပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးဖို့လိုပါတယ်။ ရွေးကောက်ပွဲက ၂ဝ၁ဝ မှာ ပြီးခဲ့တာမို့ အခုဆိုရင် နှစ်နှစ်ရှိခဲ့ပါပြီ။ ပြောရရင်တော့ ဟန်းနီးမွန်းလို့ခေါ်တဲ့ ပျားရည်ဆမ်း ကာလဟာ ကုန်သွားပြီလို့ သတိပေးလိုပါတယ်။ ခင်ဗျားတို့ ဝေဖန်တာ ထောက်ပြတာကြောင့် ကျနော်တို့အမှားတွေကို ပြင်လိုက်နိုင်တယ်ဗျို့ ဆိုပြီး ပြုံးပြုံးကြီး ပြန်ပြောနိုင်ဖို့အတွက် ကြိုးစားပါလို့ တိုက်တွန်းလိုတယ်။ တချိန်တုန်းကတော့ ဖိနှိပ်လွန်းတဲ့ ယန္တယားတခုကြောင့် ဝေဖန်တာကို လက်ရှောင်ခဲ့ရတယ်။ တခါ ဘုံရန်သူ အကြိုက်ဖြစ်မှာစိုးလို့ အများကြီး မဝေဖန်ဘဲ လက်ရှောင်ပေးခဲ့တာလည်း ရှိခဲ့တယ်။ အခုအခါမှာ ဒီကာလတွေကို ကျော်ခဲ့ပြီမို့ ဝေဖန်တာ၊ ထောက်ပြ တာတွေကို ပွေ့ဖက်ကြိုဆိုဖို့ ပြောလိုပါတယ်။ ဝေဖန်ရေးဟာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက်ဆက်နွယ် နေတယ်လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။

ကိုးဆယ့်ခြောက်ပါးရောဂါပျောက်ဆေးလား
ဖြစ်နေတဲ့ ပြဿနာတိုင်း ဒေါ်စုဝင်ပြောလိုက်ရင် အဆင်ပြေလိမ့်မယ်လို့ ထင်နေသူများလည်း သတိထားကြဖို့ ပြောလိုပါ တယ်။ ဒေါ်စုဟာ ကိုးဆယ့်ခြောက်ပါးရောဂါပျောက်ဆေး မဟုတ်ပါ။ ဒေါ်စုဟာ လူသားခေါင်းဆောင် တဦးမျှသာ ဖြစ်ပါ တယ်။ နေရာတိုင်းမှာ ဒေါ်စုကို အားအကိုးလွန်တာမျိုး ဖြစ်နေတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါ။ ကိုယ်လိုချင်တဲ့ အနေအထား ကိုယ်ဖြစ်ခြင်တဲ့ အခြေအနေကို မရတော့မှ ဒေါ်စုကို အပြစ်တင်တာမျိုးတွေ ဖြစ်လာမှာ ကြိုမြင်နေရလို့ သတိပေးတာ ဖြစ်ပါတယ်။ အချစ်ကြီးရင် အမျက်ကြီးတယ်လို့ ဆိုရိုးစကား ရှိတယ်မို့လား။ နောက်တချက်ကတော့ အခု အခြေအနေဟာ ကိုယ်လိုချင်တာကို တောင်းဆိုရတဲ့ ကာလမျိုးဆိုတာထက် ကိုယ်နစ်နာခဲ့ရတာတွေကို အရင်ဦးဆုံး ပြန်လည်တောင်းယူ နေရတဲ့ ကာလတခုသာ ဖြစ်တယ်လို့ မှတ်ယူထားရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ကိုယ့်တာကို ကိုယ်ယူပြီး၊ ကိုယ့်အား ကိုယ်ကိုးခြင်းဖြင့် မိမိရဲ့သက်ဆိုင်နယ်ပယ်မှာ လိုအပ်နေတဲ့ ခေါင်းဆောင်တွေ မွေးဖွားလာပါ လိမ့်မယ်။ အဲသလို ဆောင်ရွက်ခြင်း အားဖြင့် တချို့နေရာတွေမှာ လိုအပ်တာတွေအတွက် ဖြည့်ဆည်းနိုင်မှာ ဖြစ်သလို လိုတာထက်ပိုနေတဲ့ ဝန်ထုတ်ဝန်ပိုး တွေကိုလည်း လျှော့ခြနိုင်ပါလိမ့်မယ်။ အမြဲတန်း နှလုံးသွင်းထားဖို့ကတော့ ကိုးဆယ့်ခြောက်ပါးရောဂါ ပျောက်ဆေးဆိုတာ တကယ်တန်းမှာတော့ မရှိဘူး ဆိုတာပါပဲ။

နိုင်ငံသားအခွင့်အရေး
အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်တဲ့ တချို့နေရာတွေမှာ ပြည်သူ့အခွင့်အရေး (သို့မဟုတ်) လူထုအခွင့်အရေး (သို့မဟုတ်) ပြည်သူလူထုအခွင့်အရေး (သို့မဟုတ်) လုပ်သားပြည်သူ့အခွင့်အရေး စသဖြင့် သုံးနှုန်းတာထက် နိုင်ငံသား အခွင့်အရေး (သို့မဟုတ်) နိုင်ငံသားတို့ အခွင့်အရေး ဆိုပြီးသုံးနှုန်း တောင်းဆိုတာက ပိုပြီးတာသွားတယ်လို့ မြင်ပါတယ်။ နိုင်ငံသားအခွင့်အရေး ဆိုတဲ့ စကားလုံးဟာ နိုင်ငံတခုရဲ့ နယ်နမိတ်အတွင်းမှာ တိကျတဲ့ သဘောကို ဆောင်ပါတယ်။ လူ့အခွင့်အရေးဆိုတာက လူသားတိုင်းနဲ့ဆိုင်ပြီး နိုင်ငံသား မဟုတ်သူများ၊ နိုင်ငံသား မဟုတ်သေးသူများနဲ့လည်း သက်ဆိုင် ပါတယ်။ နိုင်ငံသားတို့ အခွင့်အရေးဟာ ယေဘုယျ အားဖြင့် ပြောရရင် အဓိကအားဖြင့် မရွှေ့မပြောင်းနိုင်တဲ့၊ ရွှေ့ပြောင်းလို့ မရတဲ့ ပစ္စည်းဥစ္စာများနဲ့ တိုက်ရိုက်ဆက်စပ် နေလို့ ဖြစ်ပါတယ်။ ဥပမာပြောရရင် လယ်မြေ၊ ယာမြေ၊ ခြံမြေ၊ တောင်စဉ် တောင်တန်း၊ မြစ်ချောင်းအင်းအိုင်၊ ပင်လယ်ပြင်၊ သစ်တောများ စတာတွေ ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ အရေးကြီးတဲ့ အရာများ ဖြစ်ပါတယ်။ ကနေ့ ဖြစ်နေတဲ့ တောင်းဆိုမှုတိုက်ပွဲ အခွင့်အရေး တိုက်ပွဲတွေဟာ တရာရာခိုင်နှုန်းနီးပါး အထက်က တင်ပြခဲ့တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဥစ္စာများနဲ့ တိုက်ရိုက်ပတ်သက်ရာကနေ ပေါ်ပေါက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေဟာ မွေးရာပါလူ့အခွင့်အရေး ချိုးဖောက် ခံရခြင်း တခုထဲသာမဟုတ်ဘဲ မွေးရာပါ ပိုင်ဆိုင်ခွင့်ဖြစ်တဲ့ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရခြင်း ဆိုတာလည်း ပါဝင်ပတ်သက်နေရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာပဲ ဖြစ်ဖြစ် နိုင်ငံသားအခွင့်အရေး ချိုးဖောက်တာပဲ ဖြစ်ဖြစ် နှစ်ခုစလုံးကို တပေါင်းတစည်းထဲ ချိုးဖောက်တာပဲ ဖြစ်ဖြစ် အားလုံးဟာ အရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ် တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတော် ဆိုတာဟာ ကျောက်သား ကျောက်ဆိုင်၊ ခဲလုံးမြေတုံးတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ပါ။ သက်ရှိလူသား နိုင်ငံသားများနဲ့ ဖွဲ့စည်းထားတာကြောင့်သာ နိုင်ငံတော်ရယ်လို့ တည်ရှိနေခြင်းသာ ဖြစ်ပါတယ်။

လူသားဆန်မှုကိုမျက်ကွယ်ပြုခြင်း
လူ့အခွင့်အရေး ချိုးဖောက်တာ၊ နိုင်ငံသား အခွင့်အရေး ချိုးဖောက်တာတွေ အားလုံးဟာ လူသားဆန်မှုကင်းမဲ့တယ် ဆိုတာကို တိုက်ရိုက်မီးမောင်းထိုးပြ နေတာဖြစ်ပါတယ်။ တဆက်ထဲမှာလည်း ပြောစရာတွေ ရှိလာပါတယ်။ နိုင်ငံရေး ကစားကွက်ကြောင့်၊ နိုင်ငံရေး အကျိုးအမြတ် တခုခုကြောင့်၊ နိုင်ငံရေးအလှည့်အပြောင်း တခုခုမှာ အောင်မြင်လိုမှုကြောင့်၊ မိမိဖြစ်စေလိုတဲ့ လမ်းကြောင်းတခုအပေါ် ရောက်စေလိုမှုကြောင့် အစိုးရတွေ၊ အတိုက်ခံ နိုင်ငံရေးသမားတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းကြီးတွေဟာ နိုင်ငံရေးနည်းဗျူဟာ အမျိုးမျိုးကို သုံးစွဲလေ့ ရှိပါတယ်။ ဒါဟာ နိုင်ငံရေးရဲ့ သဘာဝ ဖြစ်တယ်လို့ မြင်ပေးနိုင်ပါတယ်၊ သာမန်အားဖြင့် အပြစ်ဆိုစရာမရှိပါ။ အဲတာအတွက် ဒါလေးပြောင်းအောင် လုပ်နေတုန်း ဒါလေးတွေကိုတော့ ခဏအောင့်ထားပေးပါ၊ ခဏတော့ဖြင့် သည်းခံပေးပါလို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ နားချလေ့ရှိပါတယ်။ ကောင်းပါပြီ။ ဒီလိုမျိုး ကြုံတွေ့လာရတယ်ဆိုရင် ဘာပေတံနဲ့ တိုင်းတာပြီး သည်းခံပေးရ အောင့်ထား ပေးရမှာလဲ။ အဲတာကတော့ လူသားဆန်မှုဆိုတဲ့ ပေတံနဲ့ တိုင်းတာဖို့ပဲ ဖြစ်ပါတယ်။ အစိုးရအပါအဝင် အဖွဲ့အစည်း ပေါင်းစုံ က အသုံးပြုနေတဲ့ နိုင်ငံရေးကစားကွက်တွေ၊ နည်းဗျူဟာတွေဟာ လူသားဆန်မှုကို ဖောက်ဖျက်တယ် (သို့မဟုတ်) မျက်ကွယ်ပြုလာတယ် ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မထောက်ခံနိုင်ပါ။ အဆိုပါ နိုင်ငံရေးကစားကွက်တွေနဲ့ နည်းဗျူဟာတွေကို မှန်ကန်တယ်လို့လည်း မသတ်မှတ်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ လူသားဆန်မှုကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မျက်ကွယ်ပြုလာတဲ့ လုပ်နည်းလုပ်ဟန်တွေဟာ လူသားတွေ တနည်းအားဖြင့် နိုင်ငံသားတွေကိုသာ ကျေပြုန်းစေမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။

ဇော်မင်း
၁၂ ရက်၊ ဒီဇင်ဘာလ၊ ၂ဝ၁၂ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.