ရွက်မွန်စာမျက်နှာ

Thursday, September 19, 2013

ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ ဥပဒေကောင်းများ

တိုင်း ပြည်တပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အရာတွေကတော့ များပြားလှပါတယ်။ အဲသလို များပြားလှတဲ့ အရာ တွေထဲမှာ ပါဝင်နေတဲ့ အချက်တခုကတော့ အဲဒီတိုင်းပြည်ရဲ့ တည်ဆဲ ဥပဒေများဖြစ်ပါတယ်။ တည်ဆဲဥပဒေများဟာ နိုင်ငံသားတွေကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးသလား၊ ဒါမှမဟုတ် ကန့်သတ်ထားသလား၊ ချုပ်ချယ်ထားသလား ဆိုတာကိုလည်း ကြည့်ဖို့လိုပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ပြောတဲ့နေရာမှာ မတူကွဲပြားတဲ့ ကဏ္ဍတွေရှိပါတယ်။ အဲဒါတွေကတော့ နိုင်ငံရေးတိုးတက်ဖွံ့ဖြိုးမှု၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ လူမှုရေးတိုးတက်ဖွံ့ဖြိုးမှုဆိုပြီး ယေဘုယျအားဖြင့် ခွဲခြားမြင်နိုင်ပါတယ်။ တည်ဆဲဥပဒေများဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး တိုးတက်ဖွံ့ဖြိုးမှုတွေ အကောင်းဖက် ရောက်လာအောင် ဘယ်လောက်တွန်းအား ပေးသလဲ ဒါမှမဟုတ် အဲဒီ တည်ဆဲဥပဒေများဟာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး တိုးတက်မှုကို နှောင့်နှေးစေသလား၊ ဆိုတာကိုလည်း မြင်အောင်ကြည့်ဖို့ လိုပါတယ်။ ဒီနေရာမှာ ဖွံ့ဖြိုး တိုးတက်မှု ဆိုတာ မြန်မာပြည်မှာ သန်းကြွယ်သူဌေး အယောက် ၃ဝ ကနေ အယောက် ၇ဝ တိုးလာတာကို ဆိုလိုတာ မဟုတ်ပါ။ အများစုသော နိုင်ငံသားတို့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးဆက်ကို ခံစားရခြင်းဆိုတဲ့ အပေါ်မှာ ဆိုလိုတာ ဖြစ်ပါတယ်။

တည်ဆဲဥပဒေများလို့ ဆိုတဲ့အတွက် ပထမဦးဆုံး ဦးစားပေး ကြည့်ရမယ့် ဥပဒေကတော့ နိုင်ငံတခုရဲ့ ခေါင်ချုပ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပဲ ဖြစ်ပါတယ်။ တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံသားတို့ ဆန္ဒအတိုင်း ပေါ်ပေါက်လာတဲ့ ဖွဲ့စည်းပုံလား ဒါမှမဟုတ် လူတစုအုပ်စုတခုရဲ့ ဆန္ဒနဲ့ ရေးဆွဲအတည်ပြုခဲ့တာလား ဆိုတာကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံသားတို့ ဆန္ဒအတိုင်း ရေးဆွဲအတည်ပြုခဲ့တာမဟုတ်ဖူးဆိုရင် နိုင်ငံသားတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့မှာ ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။ အဲတာကြောင့် ဒီလိုမျိုး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရပါလိမ့်မယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတော့ တချို့က ဒီကိစ္စဟာ အစိုးရနဲ့ လွှတ်တော်တွေရဲ့ အရေးအရာသာ ဖြစ်တယ် အရပ်သူအရပ်သားများနဲ့ မဆိုင်ဘူးလို့ မြင်ကြပါတယ်။ အမှန်မှာတော့ နိုင်ငံတခုရဲ့ အရေးအရာဟာ နိုင်ငံသားများ အာလုံးနဲ့ ပတ်သက် ဆက်စပ်ပါတယ်။ အခုလတ်တလောမှာ မြင်ရတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အန်အယ်ဒီက ဆောင်ရွက်နေတာတွေ ရှိသလို တိုင်းရင်းသား ပါတီအဖွဲ့အစည်းများက လုပ်ကိုင်နေကြတာလည်း ရှိပါ တယ်။ ပြောရရင် ဒီလောက်နဲ့တော့ မလုံလောက်သေးပါဘူး။ နိုင်ငံသားများပါ ပါဝင်ဆောင်ရွက်နိုင်ဖို့ လိုလာပါတယ်။ ကောင်းပါပြီ ဒါဖြင့်ရင် နိုင်ငံသားတွေ ဘယ်လိုပါဝင်ဆောင်ရွက်ကြမလဲ။

ပထမဆုံးအနေနဲ့ တင်ပြလိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုလူတန်းစား အလွှာအသီးသီး အတွင်းမှာ လုပ်ကိုင်နေတဲ့ အရပ်ဖက် အဖွဲ့အစည်းများ အနေနဲ့ အဖွဲ့ကြီးသည်ငယ်သည်မဟူ ဒေသဆိုင်ရာ ထူးခြားချက် အလိုက် စုစည်းဖို့လိုလာပါတယ်။ အဲသလို စုစည်းထားတဲ့ အဖွဲ့အစည်းများက ဥပဒေကြောင်းအရ နားလည်သူ ကျွမ်းကျင်သူများနဲ့ တဖက်မှာလည်း တိုင်ပင်ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ ဖွဲ့စည်းပုံထဲက ဘယ်အချက်များကတော့ နိုင်ငံသားများ ဆန္ဒနဲ့ မကိုက်ညီဘူး၊ ဘယ်အချက်များကတော့ တိုင်းရင်းသားများအတွက် နစ်နာစေတယ်၊ ဘယ်အချက် များကတော့ ကနေ့ခေတ်ကာလနဲ့ မအပ်စပ်ဘူး၊ ဘယ်အချက်တွေကတော့ လူတစု ကောင်းစားရေး လူတစု အာဏာ ရရေးသာ ဖြစ်နေတယ် စသဖြင့် ထောက်ပြပြီး အဆိုပါအချက်အလက်များကို ပြင်ဆင်ပေးဖို့ လက်ရှိအာဏာရ အစိုးရနဲ့ လွှတ်တော်ကို တောင်းဆို ရပါလိမ့်မယ်။

ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်လိုတာဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတ ဖြစ်နိုင် ရေးအတွက် ကြိုးစားတာပဲ ဖြစ်တယ်လို့ တချို့က မြင်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ချင်တာဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ပြင်ဆင်တာ မဟုတ်ဘဲ အနာဂတ်မျိုးဆက်သစ်များရဲ့ ကံကြမ္မာကို လူတစုအုပ်စုတစု လက်ထဲမှာ မထားလိုတဲ့အတွက် ကြိုးပန်းတယ်လို့ နားလည်ဖို့လိုပါတယ်။ အရပ်ဖက်အဖွဲ့အစည်းများ အနေနဲ့ လွှတ်တော်ပြင်ပကနေ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ တောင်းဆိုတာဟာ သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကိစ္စမှာ လွှတ်တော်အမတ်များကိုသာ အားကိုးနေလို့ မရတာကြောင့် ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ လွှတ်တော် အတွင်းက အာဏာချိန်ခွင်ညှာဟာ အင်အားအရ တဖက်စောင်းနင်း ဖြစ်နေလို့ပါ။

အင်ဒိုနီးရှားနိုင်ငံမှာလည်း တချိန်တုန်းက မြန်မာနိုင်ငံမှာလို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး တည်ရှိခဲ့ပါတယ်။ အာဏာရှင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဆူဟာတို အလိုကျ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်။ ပါလီမန်ထဲမှာ စစ်တပ်က အရာရှိ ၂၅% ဟာ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ အလိုအလျှောက် အမတ်အဖြစ် ရောက်နေပါတယ်။ အဲဒီဖွဲ့စည်းပုံရဲ့ အကျိုးဆက်အဖြစ် သမတဆူဟာတိုရဲ့ “ဂိုလ်ခါ” ပါတီဟာ အပတ်တိုင်း အာဏာရအစိုးရ ဖြစ်နေပါတယ်။ ပါလီမန်ထဲမှာလည်း အတိုက်ခံ ဆိုတာဟာ မဆိုစလောက်သာ ရှိပါတယ်။ တည်ရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျဉ်းတွေအရ ဂိုလ်ခါပါတီက အပတ်တိုင်း အနိုင်ရမယ်ဆိုတာ သေချာနေတော့ အဲဒီပါတီက တက်လာတဲ့ အစိုးရအဖွဲ့ဝင်တွေ အမတ်တွေဟာ တိုင်းပြည် ကောင်းရာကောင်းကျိုး ဆောင်ရွက်တဲ့ နေရာမှာ ပေါ့ဆလာပါတယ်။ အလုပ်ကို ကျားစီးဖားစီး မလုပ်ကြတော့ပါဘူး။ လာဘ်ပေးလာဘ်ယူမှု တွေကလည်း ကြောက်ခမန်းလိလိ မြင့်တက်လာပါတယ်။ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဝင်လာတဲ့ ငွေတွေဟာ အာဏာရှိသူတွေနဲ့ သူတိုရဲ့ စီးပွားဖက်တွေ အိတ်ထဲသာရောက်ကုန်ပါတယ်။ သမ္မတဆူဟာတိုရဲ့ သားအငယ်ဆုံးဟာ “တီမာ” လို့ခေါ်တဲ့ မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီကို ပိုင်ဆိုင်တဲ့အထိ ချမ်းသာလာပါတယ်။ ဒါပေမယ့် သာမန်အင်ဒိုနီးရှား နိုင်ငံသားတွေရဲ့ တနေ့ဝင်ငွေကတော့ အမေရိကန် တဒေါ်လာထက် မပိုခဲ့ပါဘူး။ နောက်တချက်ကတော့ သမ္မတ ဆူဟာတို အပါအဝင် အုပ်ချုပ်သူ အများစုဟာ ဂျာဗားကျွန်းသားများဖြစ်ပြီး ကျန်တဲ့ ကျွန်းပေါင်း ၁၇၀၀၀ ကျော်က မတူကွဲပြားတဲ့ တိုင်းရင်းသားများအပေါ် နိုင်ငံရေး စီးပွားရေး လူမှုရေးအရ ငဲ့ညှာခြင်း မရှိဘူးလို့ စွပ်စွဲတာလည်း ခံရပါတယ်။

အင်ဒိုနီးရှားနိုင်ငံက သမ္မတဆူဟာတိုရဲ့ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆူဟာတိုကိုယ်တိုင်က ပြန်ပြီးပြင်ဆင် ပေးခဲ့တာမဟုတ်ပါဘူး။ အင်ဒိုနီးရှား နိုင်ငံသားတွေကိုယ်တိုင်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စုစည်း ညီညွှတ်စွာ တောင်းဆိုမှုကြောင့် နောက်ဆုံးမှာ အောင်မြင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားတွေ လမ်းပေါ်မှာ သန်းနဲ့ချီပြီး သူတို့ရဲ့ ဆန္ဒကိုထုတ်ဖော်ခဲ့ကြပါတယ်။ အဲသလို ဆန္ဒထုတ်ဖော်တဲ့ ကာလအတွင်းမှာတော့ ဖမ်းဆီးခံရသူတွေ၊ သတ်ဖြတ်နှိပ်စက် ခံရသူတွေ၊ ပြည်ပြေးဖြစ်ရသူတွေလည်း မနည်းလှပါဘူး။ အင်ဒိုနီးရှား အာဏာရအစိုးရ လက်သပ် မွေးထားတဲ့ အုပ်စုတွေနဲ့ ဒီမိုကရေစီဖက်သား လူထုတွေအကြားမှာ အပြန်အလှန် အကြမ်းဖက်မှုတွေ သွေးထွက်သံယိုမှု တွေကလည်း များလှပါတယ်။

အင်ဒိုနီးရှားကို နမူနာယူပြီး မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ သွေးထွက်သံယို မဖြစ်ဘဲ ငြိမ်းချမ်းစွာ ဆောင်ရွက်ဖို့ အခွင့်အလမ်း ရှိနေပါတယ်။ အဲဒီ အခွင့်အလမ်းကို လက်ရှိလုပ်ပိုင်ခွင့်ရှိသူ အာဏာရှိသူတွေ အနေနဲ့ တလွဲ အသုံးမပြုဖို့ သင်ခန်းစာယူသင့်ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်တဲ့နေရာမှာ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်များအတွင်း လူကောင်းသူကောင်း ဘယ်နှစ်ယောက် ရှိသလဲဆိုတာ မပြောခင် ပြဌာန်းထားတဲ့ တည်ဆဲဥပဒေဟာ ဘယ်လောက်ကောင်းမွန်သလဲ ခိုင်ခံ့သလဲ တရားမျှတသလဲ ဆိုတာက အရင်ဆုံး အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ လူ့သဘာဝအရ လူသားတွေထဲမှာ ဆိုးတဲ့သူလည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ရေးသားအတည်ပြုထားတဲ့ ဥပဒေကတော့ ဘက်လိုက်တဲ့ ဥပဒေမဟုတ်ဘဲ ဥပဒေကောင်း ဖြစ်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဥပဒေကောင်း ရေးသားပြုစု အတည်ပြုဖို့ ဆိုတာ နိုင်ငံရေးဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံ တခုရဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ နိုင်ငံသားတို့ရဲ့ ပါဝင်မှု၊ ပူးပေါင်းမှု၊ လုပ်အားထည့်ဝင်မှု စတာတွေကို ခွင့်ပြုရမှာ ဖြစ်ပါတယ်။ လူအများစုရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး လူအနည်းစု ဖြစ်ခြင်တာကို ဦးစားပေးရေးဆွဲထားတဲ့ ဥပဒေဟာ ဥပဒေကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် ပြန်ကောက်ရရင် မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် အဓိက မောင်းနှင်အားဟာ နိုင်ငံသားပြည်သူတွေပဲ ဖြစ်ရမှာပါ။ နိုင်ငံသား တဦးချင်း တယောက်ချင်း ပြောဆိုနေတာထက် လူတန်းစားအလွှာ အသီးသီးကြားမှာ သက်ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ civic groups လို့ခေါ်တဲ့ အရပ်ဖက် အဖွဲ့အစည်းများ စုစည်းပြီး ပြင်ဆင်လိုတဲ့ အချက် အလက်များကို နိုင်ငံနဲ့အဝှမ်း ပွင့်ပွင့်လင်းလင်း တင်ပြဖို့လိုပါတယ်။ အစိုးရနဲ့ လွှတ်တော်များကိုလည်း မိမိတို့ ဘာတွေကို ပြင်ဆင်ချင်တယ် ဆိုတာနဲ့ ပတ်သက်လို့လည်း တချိန်ထဲမှာ တောင်းဆိုဖို့ လိုပါတယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် အစိုးရတခုရဲ့ သဘာဝဟာ နိုင်ငံသားတွေဆီက တောင်းဆိုမှုတွေ ဖိအားတွေ သူတို့အပေါ် ကျရောက်မလာမခြင်း နေသာသလို ခပ်အေးအေးသာ နေလေ့ ရှိပါတယ်။ တောင်းဆိုမှုတွေ မြင့်မားလာမှ အသံကျယ်လာမှ ဂရုစိုက်ရကောင်းမှန်း သိပါတယ်။ ချုပ်ပြောရရင်တော့ နိုင်ငံတခု ဖွံ့ဖြိုးချင်တယ် တိုးတက်ချင်တယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို ကျားကန်ထောက်ကူပေးဖို့ ဥပဒေကောင်းများ မရှိမဖြစ် လိုအပ်ပါကြောင်း။

ဇော်မင်း
၁၆ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၃ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.