ရွက်မွန်စာမျက်နှာ

Monday, July 7, 2014

ကြွယ်ဝဓန ပြန်လည်ဖြန့်ဖြူးခြင်း

လူ့
အဖွဲ့အစည်းအတွင်းမှာ မညီမျှမှုဆိုတာ အမြဲတစေဆိုသလို တွေ့နေရပါတယ်။ လူ့သမိုင်း စတင်ခဲ့တဲ့ ကာလများကစလို့ မညီမျှမှုဆိုတာ လူ့အသိုင်းအဝိုင်းမှာ တည်ရှိခဲ့တာပါ။ မညီမျှမှုတွေ ရှိနေတာဟာ သဘာဝလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မညီမျှမှု တွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အဆင့်ဒီဂရီအထိ တည်ရှိလာနေရင်တော့ လူ့အဖွဲ့အစည်း တခုလုံး ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ကြီးစွာသောအနှောက်အယှက် ဖြစ်လာပြန်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်များအဆိုအရ မညီမျှမှုများဟာ ဆင်းရဲနွမ်းပါးမှုကို ဖန်တီးပါတယ်။ လူတွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ရင်ဆိုင်ရပါတယ်။ တခါ အဲသလို ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါး မှုကြောင့် နောက်ထပ် အမျိုးမျိုးသော မညီမျှမှုများကို ဆက်လက်ဖြစ်ပေါ် သက်ဆိုး ရှည်စေပြန်ပါတယ်။

စက်မှုနည်းပညာတွေ ထွန်းကားနေတဲ့ ကနေ့ ကာလကြီးမှာ မညီမျှမှုများဟာ ပိုလို့တောင် များပြားလာပါသေးတယ်။ မညီမျှမှု တွေဟာ ရောဂါကြီးတခုလို ကမ္ဘာကြီးကို တိုက်စားနေပါတယ်။ မညီမျှမှုဆိုတာ နိုင်ငံတွင်း၊ ဒေသတွင်း ပြဿနာ တခုဖြစ်သလို တကမ္ဘာလုံး ဆိုင်ရာ ပြဿနာလည်း ဖြစ်ပါတယ်။ မညီမျှကို ဖြစ်ပေါ်လာတွေကို အဓိကတွန်းအားပေးနေတဲ့ ကိစ္စကတော့ အရင်းအမြစ်တွေကို မညီမမျှ ခွဲဝေရာက စတင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဇာတ်လမ်း လေးတခု ပြောပါရစေ။
တက္ကသိုလ်ကျောင်းဝင်း တခုက စာသင်ခန်းတခုထဲမှာ ပါမောက္ခတဦးနဲ့ ကျောင်းသားများ ဆွေးနွေးနေကြပါတယ်။ သူတို့ ဆွေးနွေးနေတဲ့ အကြောင်းကတော့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ပျံ့ပွားမှုနှုန်းဟာ ဘာကြောင့် အာဖရိကတိုက်က နိုင်ငံတွေမှာ အခြားသော နိုင်ငံများထက် ပိုပြီးမြင့်မားနေရတာလဲ ဆိုတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပါမောက္ခ ဖြစ်သူက ပြဿနာရဲ့ ရေသောက်မြစ်ကို ရှာဖွေဖို့ ကျောင်းသားများရဲ့ ထင်မြင်ယူဆချက်ကို မေးမြန်းနေပါတယ်။
ပထမကျောင်သားတဦးက သူရဲ့ ထင်မြင်ယူဆချက်ကို ဒီလိုပြောပါတယ်။ အာဖရိကတိုက်က အာဖရိကန် လူမည်းတွေဟာ လိင်ကိစ္စနဲ့ ပတ်သက်လာရင် ပွင့်လင်းသူများဖြစ်တာကြောင့် လွတ်လွတ်လပ်လပ် လိင်ဆက်ဆံကြတယ်လို့ ထောက်ပြပါတယ်။ အာဖရိကတိုက်မှာ ရည်းစားထားတယ်၊ လိင်ဆက်ဆံတယ်ဆိုတာ ထမင်းစားရေသောက် ကိစ္စလို ဖြစ်တာကြောင့် ယောက်ျားလေး တယောက်ဟာ အမျိုးသမီးရည်းစား သုံးလေးဦး ရှိနေတတ်တာကလည်း မဆန်း။ အိမ်ထောင်သည် ယောက်ျားများတွေတောင် ပြင်ပမှာ တခြားအမျိုသမီး တဦးဦးနဲ့ ကြုံရင်ကြုံသလို လိင်ဆက်ဆံကြတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ရောဂါကူးက်မှု မြန်ဆန်မြင့်မား လာရတယ်လို့ သူ့အယူအဆကို တင်ပြလာပါတယ်။

ဒုတိယကျောင်သားကလည်း သူ့ရဲ့အမြင်ကို ပြောပါတယ်။ အာဖရိကတိုက်က နိုင်ငံအတော်များများဟာ ဆင်းရဲတယ် တိုးတက်မှုမရှိဘူး။ နောက် တနည်းမဟုတ်တနည်း အာဏာရှင်များနဲ့ အာဏာရှင် တပိုင်းတစများက အုပ်ချုပ်နေတယ်။ အဲသလို အာဏာရှင်အစိုးရတွေဟာ သူတို့ အာဏာတည်မြဲရေးကလွဲပြီး ဘယ်သူ့အတွက်မှ မစဉ်းစား။ ဘာမှလုပ်မပေး။ တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေး လျစ်လျူရှုထားလေ့ ရှိတယ်။ ဒါကြောင့် ရောဂါဖြစ်ပွားမှု မြင့်မားရတယ်။ နိုင်ငံရေး အာဏာပြဿနာနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ ပြောပါတယ်။

တတိယကျောင်းသားရဲ့ အမြင်ကတော့ ဒီလိုပါ။ တိုင်းပြည်ကို ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် အရေးအကြီးဆုံး အချက်က အဲသလို ရောဂါ မပြန့်ပွားဖို့ လူထုကို ကျန်းမာရေး အသိပညာပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ဥပမာ အားဖြင့် ကွန်ဒုံးကို ဘယ်လို သုံးရမလဲဆိုတာကို လက်တွေ့မှာ လူအတော်များများ မသိကြဘူးလို့လည်း ထောက်ပြပါတယ်။ လူထုရဲ့ ကျန်းမာရေး အသိပညာ နောက်ကျကျန်ရစ်ခဲ့လို့ ဖြစ်ရတာလို့ ပြောပါတယ်။ ပညာပေးရေး မြင့်မား ကျယ်ပြန့်ဖို့ လိုတယ်လို့ ဖြည့်စွက် ပြောပါတယ်။
စတုတ္ထထကျောင်းသားကတော့ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီစက် ကူးစက်မှု မြင့်မားလာရတာဟာ ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဆင်းရဲနွမ်းပါးတာကြောင့် တိုင်းသူပြည်သားတွေ ပညာကောင်းကောင်း မသင်နိုင်ကြ။ ဒါကြောင့် အသိဉာဏ်ပညာ သူများထက် နောက်ကျခဲ့ရတယ်။ ဆင်းရဲလွန်းတာကြောင့် စားဝတ်နေရေးကလဲ ချို့တဲ့သေးတယ်။ မကျန်းမာတဲ့ အခါတွေမှာလည်း ကောင်းကောင်းမွန်မွန် ဆေးဝါးမကုသနိုင်။ ဒါကြောင့် ဒီလို ရောဂါကူးစက်နှုန်း မြင့်မား နေတာဟာ ဆင်းရဲနွမ်းပါးမှုကနေ တိုက်ရိုက်ဆင်းသက်လာတယ်လို့တောင် ဆိုနိုင်ကြောင်း ထောက်ပြပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့ လိုအပ်တယ်လို့ ဆွေးနွေးပါတယ်။

ပဉ္စမမြောက် ကျောင်းသားရဲ့ အယူအဆကတော့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြစ်ပွားနှုန်းကတော့ ဆက်ရှိနေမှာပဲ။ ဒါပေမဲ့ အဲတာနဲ့ ဆက်စပ်လို့ ဖြစ်ပွားလာတဲ့ ရောဂါများကို ထိန်းချုပ်ဖို့အတွက် အနောက်နိုင်ငံများက ထုတ်လုပ်လိုက်တဲ့ ဆေးဝါးတွေကို အာဖရိကန်လူထု အနေနဲ့ ဈေးချိုချိုနဲ့ ဝယ်ယူမသုံးစွဲနိုင်။ ဈေးက ကြီးလွန်းတယ်။ အဲဒီ ဆေးဝါးများ ထုတ်လုပ်တဲ့ အနောက်နိုင်ငံများက ဆေးကုမ္ပဏီကြီးများရဲ့ ကိုယ်ကျိုးရှာလွန်းတဲ့ ကိစ္စကသာ အဓိကလက်သည် ဖြစ်တယ်လို့ ထောက်ပြပါတယ်။

ဆဌမမြောက် ကျောင်းသားရဲ့ အမြင်ကတော့ ဒီလိုဖြစ်ပြန်ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းတွေ တိုးတက်များပြား လာတာရယ်၊ မူးယစ်ဆေး အကြောထဲထိုးသွင်းတဲ့ လူငယ်ဦးရေး များလာတာရယ် စတဲ့အကြောင်းတွေက အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ပိုမို ကူးစက်လာဖို့ အဓိက အကြောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲ တာတွေကို ခိုးကြောင်ခိုးဝှက် မလုပ်စေဘဲ ဥပဒေအရ စနစ်တကျ ပွင့်ပွင့်လင်းလင်း ခွင်ပြုလိုက်မယ်ဆိုရင် ရောဂါဖြစ်ပွားနှုန်း ကျဆင်းသွားမယ်လို့ ပြောပါတယ်။

သတ္တမမြောက်ကျောင်းသားကတော့ ဒီပြဿနာကို ဒီလိုပုံ ချဉ်းကပ်ပါတယ်။ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအစ် သာမက တီဘီ အပါအဝင် အခြားသော ကူးစက်ရောဂါများ၊ ကူးစက်မှုနှုန်း အဆမတန် မြင့်မားလာရခြင်းဟာ လူ့အဖွဲ့အစည်းတွင်း တည်ရှိနေတဲ့ ခေတ်အဆက်ဆက်က တည်ရှိလာတဲ့ မညီမျှမှုများကြောင့် ဖြစ်ရတယ်လို့ ထောက်ပြပါတယ်။ အဲဒီ ကျောင်းသားက ဒီလိုဆက်ရှင်းပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အနေအထားအရ ပြောရရင် ကမ္ဘာကြီးရဲ့ အရင်းအမြစ်များကို ခွဲဝေယူရာမှာ မတရားသဖြင့် ခွဲဝေယူကြတာကြောင့် ဖြစ်ရတယ်လို့ ထပ်လောင်းတင်ပြပါတယ်။ ကမ္ဘာကြီးရဲ့ အရင်းအမြစ် တွေကို မတရား ခွဲဝေယူတယ်ဆိုတာ ကမ္ဘာကြီးရဲ ဓနကြွယ်ဝမှုကို မတရားသဖြင့် ခွဲဝေယူတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ ဒါဟာ ပထမဆုံးသော ရေသောက်မြစ် ပြဿနာဖြစ်တယ်လို့ ပြောပါတယ်။ ဒုတိယအဆင့် ရေသောက်မြစ် ပြဿနာ ကတော့ ဒေသတွင်း၊ မိမိနိုင်ငံတွင်းက အရင်းအမြစ်တွေကို မတရားသဖြင့် ခွဲဝေယူခြင်းပဲ ဖြစ်တယ်လို့ ထပ်ဆင့် ထောက်ပြ ပါတယ်။ အဲသလို အရင်းအမြစ်တွေကို မညီမမျှ ခွဲဝေယူခြင်းရဲ့ အကျိုးဆက်ကတော့ လူများစုကြီးကို ဆင်းရဲတွင်းထဲ တွန်းပို့ လိုက်တာပဲ ဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။ ဒါကြောင့် လူအများစုဟာ ဆင်းရဲတွင်းထဲမှာ ရောဂါဘယများနဲ့ အတူယှဉ်တွဲ နေထိုင်ရပါတော့တယ်။

ဆွေးနွေးနေတဲ့ ကျောင်းသားတွေက ဆရာဖြစ်တဲ့သူ ဆီက ထွက်လာမယ့် မှတ်ချက်ကို စိတ်ဝင်တစား နားစွင့်နေပါတယ်။ ဆရာဖြစ်တဲ့သူက ကျောင်းသားတွေ အခုလို တင်ပြဆွေးနွေးလာတဲ့ အယူအဆများဟာ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်လို့ သူနေ့ရာနဲ့သူ ထင်ဟပ်ဆက်စပ်နေတယ် ဆိုတာကို သဘောတူပါတယ်။ ဒါပေမဲ့ အခုကိစ္စရဲ့ ရေသောက်မြစ် ပြဿနာကတော့ သတ္တမမြောက် ကျောင်းသား ဆွေးနွေးသွားတဲ့ မညီမျှမှုများကြောင့် ဖြစ်ရတယ်လို့ ဆိုခြင်းက ပိုပြီး လက်ရင်းကျတဲ့ ချဉ်းကပ်မှုဖြစ်ကြောင်း ရှင်းလင်းပြောပြပါတယ်။

အရင်းအမြစ်ခွဲဝေတာ မညီမျှမှုတာကြောင့် လူတွေဟာ ဆင်းရဲလာတယ်။ ဆင်းရဲလာကြောင့် စားဝတ်နေရေး ကျပ်တည်း လာတယ်။ ကလေးတွေကို ကျောင်းမထားနိုင်တော့သလို တဖြည်းဖြည်းနဲ့လည်း ကျန်းမာရေးက ချို့ယွင်းလာတယ်။ အဓိကတော့ ခေတ်ပညာတွေကို မသင်ကြားနိုင်တာကြောင့် အသိဗဟုသုတမှာ သူများထက် နောက်ကျသွားခဲ့တယ်။ အသိပညာ ဗဟုသုတနောက်ကျ ကျန်ခဲ့တာကြောင့် ဘဝမှာ ကျန်းမာအောင်၊ အန္တရာယ်ကင်းအောင် ဘယ်လို နေရထိုင်ရမယ် ဆိုတာကို မသိကြတော့၊ အလေးဂရုမပြုနိုင်တော့၊ ဖြစ်သလိုသာ စခန်းသွားရတဲ့ အခြေကို ဆိုက်သွား ပါတော့တယ်။ ဖြစ်သလို စခန်းသွားရတဲ့ အခြေအနေဟာ လူဆင်းရဲတွေအတွက် ရောဂါဘယအပါအဝင် တခြားသော ပြဿနာမျိုးစုံကို လက်ရပ်ခေါ်ပါ တော့တယ်။

မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေကို ခွဲဝေရာမှာ မညီမမျှ ခွဲဝေယူငင်နေတာတွေဟာ နှစ်ပေါင်း မနည်း တော့ပါ။ နှစ်ပေါင်း ၅ဝ ကျော် စစ်အာဏာရှင် အုပ်ချုပ်ခံလိုက်ရတော့ ပိုဆိုးသွားပါတယ်။ လူများစု နိုင်ငံသားတွေရဲ့ ကျန်းမာရေး၊ ပညာရေး နိမ့်ကျသွားတဲ့အပြင် ကောင်းမွန်တဲ့ စိတ်ဓာတ်ရေးရာကိုပါ ရိုက်ချိုးခံခဲ့ရပါတယ်။ စစ်ဗိုလ်ချုပ်တွေ ကြိကြိတက် ချမ်းသာလာသလို သူတို့ရဲ့ စီးပွားဖက်တွေလည်း ကြောက်ခမန်းလိလိ ချမ်းသာလာကြပါတယ်။ အဲဒီ စီးပွားဖက်တွေဟာ အခုခေတ်တော့ ခရိုနီပေါ့။

အခုကော တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို မတရားခွဲဝေ ယူနေဆဲဆိုတာကိုလည်း မြင်နေရတော့ အတော်လေး စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဒီမိုကရေစီ တည်ဆောက်နေပါတယ် ဆိုတဲ့ စကားဟာ အမှန်တော့ ဟန်ဆောင်မှုတခု ထက် မပိုပါ။ အရပ်ဝတ်ကို ပြောင်းဝတ်ထားပေမဲ့ အာဏာကို ရေရှည်ဆက်ယူထားဖို့၊ အရင်းအမြစ်တွေကို ဆက်ပြီး ယူငင်သိမ်းပိုက်ဖို့ အစီအစဉ် ရှိနေကြသေးတာကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်နေရပါတယ်။

ပြန်ကောက်ရမယ်ဆိုရင် တိုင်းပြည်တခု တိုးတက်ဖို့ ဖွံ့ဖြိုးဖို့ အရင်းအမြစ်တွေကို ခွဲဝေရာမှာ တတ်နိုင်သလောက် ညီညီမျှမျှ ခွဲဝေဖို့လိုပါတယ်။ လူတစုချမ်းသာတာဟာ တနိုင်ငံလုံး ချမ်းသာတာ မဟုတ်ပါ။ အရင်းအမြစ် ဆိုရာမှာလည်း သဘာဝ သယံဇာတ ရုပ်ဝတ္ထုပစ္စည်း တွေသာမကဘဲ တခြားသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အရင်းအမြစ်တွေကိုလည်း တရားသဖြင့် ခွဲဝေလုပ်ကိုင်ဖို့ လိုပါတယ်။ မညီမမျှဖြစ်နေတဲ့ အခြေအနေကို တတ်နိုင်သလောက် ညီမျှလာအောင် ဖန်တီးဖို့ လိုပါတယ်။ ရိုးရိုးနဲ့ ရှင်းရှင်းပြောရရင် တိုင်းသူပြည်သား နိုင်ငံသားများ အကြားမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဓနပြန်လည် ခွဲဝေရေး လုပ်ငန်းစဉ်တရပ် ရှိဖို့လိုလာပါတယ်။ နိုင်ငံရေးဘောဂဗေဒ စကားနဲ့ ပြောရင်တော့ Redistribution of wealth လို့ ဆိုနိုင်ပါတယ်။ သူလည်းတစ်ကျပ် ကိုယ်လည်းတစ်ကျပ်၊ မင်းလည်း တစ်သိန်း ငါလည်းတစ်သိန်းပဲ ဆိုတဲ့ ခွဲဝေမှုမျိုးကို ဆိုလိုတာမဟုတ်ပါ။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်တဲ့ နိုင်ငံသားတွေအတွက် အမှန်တကယ် သုံးရစွဲရမယ့် ကဏ္ဍတွေ အတွက် ပြန်လည် ဖြန့်ဖြူးခွဲဝေ သုံးစွဲဖို့ ဖြစ်ပါကြောင်း။

ဇော်မင်း

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.