နာ
မည်ကြီး ဂျပန်ရုပ်ရှင် ဒါရိုက်တာတဦးဖြစ်တဲ့ ဒါရိုက်တာကူရိုဆားဝါး (ကွယ်လွန်) ရဲ့ ကားဟောင်းတကားကို တနေ့ က ပြန်ကြည့် ဖြစ်ပါတယ်။ ရုပ်ရှင်က အဖြူအမဲကားပါ။ ရုပ်ရှင်အမည်ကတော့ Seven Samurais ဆာမူရိုင်း ခွန်နှစ်ယောက် ဆိုတဲ့ကားပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်နီးပါးတုံးက အလွန်နာမည်ကြီး ခဲ့တဲ့ ကားလည်း ဖြစ်ပါတယ်။ နာမည် ကြီးလွန်းတဲ့အတွက် ဟောလီးဝုဒ်ကနေ Magnificent Seven ဆိုတဲ့ အမည်ကိုသုံးပြီး ဂတုံး မင်းသား လို့ နာမည်ကျော်ခဲ့တဲ့ ယူဘရိုင်းနားမင်းသားနဲ့ ကောင်းဘွိုင်ကား အသွင်ပြန်လည် ရိုက်ကူး တင်ဆက်ခဲ့ဖူးပါတယ်။
ဆာမူရိုင်းခွန်နှစ်ယောက် ရုပ်ရှင်ဇတ်လမ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာကျော်က အလွန်ခေါင်တဲ့ ဂျပန် ကျေးရွာလေး တခုဆီမှာ အခြေခံထားပါတယ်။
အဆိုပါရွာကလေးက ဂျပန်ရွာသားတွေဟာ တောင်သူလယ်သမားများ ဖြစ်ပါတယ်။ စပါးပေါ်ချိန် ရောက်တိုင်း ဓါးပြ ဂိုဏ်း တခုက အမြဲလာရောက် ဆက်ကြေးကောက် အနိုင်ကျင့်တာကိုခံနေရသလို ရွာကအရွယ်ကောင်း မိန်းကလေး တွေကိုလည်း သိမ်းပိုက်ခေါ်ဆောင် သွားလေ့ရှိပါတယ်။
အဲသည့် ဓါးပြဂိုဏ်းရဲ့ရန်ကို ကာကွယ်ဖို့ ရွာသားအားလုံးမှာ ဆန္ဒရှိကြပေမဲ့ ဘယ်ကနေစပြီး ဘယ်လိုလုပ်ရမလဲ ဆို တာကိုတော့ တောသားများပီပီ သူတို့နားမလည်ကြပါ။ ရိုးအေး ကြောက်တတ်တာကိုက ရွာသားတွေရဲ့ သဘာဝ။ တဖက်မှာ တိုက်ရေးခိုက် ရေးကိုလည်း နားမလည်၊ စစ်တိုက် ဖူးသူများလည်း မဟုတ်တော့ ဓါးပြဂိုဏ်းကို ပြန်ခံချဖို့ ဆိုတာကတော့ ဝေလာဝေးပါပဲ။ လက်နက်ရှိသူကို လက်နက်မဲ့သူက ကြောက်နေ ရသည်မဟုတ်လော။
သို့သော်လည်း တနေ့တော့ ဓါးပြဂိုဏ်းကို ပြန်ခုခံ တိုက်ခိုက်ဖို့အတွက် ရွာသားတွေ အစည်းအဝေး ထိုင်ကြပါတယ်။ ရွာသား တချို့ကတော့ ကိုယ်လည်း ပြန်တိုက်နိုင်တာ မဟုတ်တော့ အချိန်တန်လို့ ဆက်ကြေးလာကောက်ရင် ပေး လိုက်တာ နား အေးတယ် ဆိုပြီး ဆွေးနွေးပါတယ်။ တချို့ရွာသားတွေကတော့ ဓါးပြဂိုဏ်းရဲ့ လူဦးရေဟာ ဘာပဲပြော ပြော ရွာသားတွေထက် နည်းတဲ့အတွက် ပြန်တိုက်မယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ဆွေးနွေးကြပါတယ်။ ရွာသားတချို့က တော့ ကိုယ်ကလူဦးရေ များပေမဲ့ တိုက်ခိုက်ရေးကို နားမလည်တော့ မကျွမ်းကျင်တော့ ကိုယ်ပဲရက်ရက်စက်စက် နိမ် နှင်းခံရနိုင်တယ်လို့ သုံးသပ်ကြပါ တယ်။ သူ၏မိန်းမ သိမ်းပိုက်ခံလိုက်ရသည့် ရွာသား တဦးကတော့ သည်လိုဆွေး နွေးပါတယ်။ ရွာသားဦးရေက များတဲ့အတွက် ဓား ခုတ်လှံထိုး လေ့ကျင့်ပြီး ဓါးပြဂိုဏ်းကို ပြန်ခုခံသင့်တယ်လို့ ဆိုပြန်ပါ တယ်။ သို့သော်လည်း သူတို့ကို ဘယ်သူက ဓားခုတ် လှံထိုးသင်ပေးမှာလဲဟု ပြန်ဆွေးနွေးသူများရှိသလို၊ တချို့ ရွာ သားတွေက ဒီသဘောက ဟုတ်သလို လိုရှိပေမဲ့ ဓါးပြဂိုဏ်းမှာ ယမ်းထောင်း သေနတ်အချို့ ရှိနေတာကိုတော့ ပြန်ခု ခံဖို့ မလွယ်နိုင်ကြောင်း ပြန်ထောက်ပြကြပါ တယ်။ သည်လိုနဲ့ ဆွေးနွေး ပွဲကြီးဟာ အီလည်လည်နဲ့ တန့်ခံနေပါတယ်။
အဲသည့်အချိန်မှာ ရွာမှာအသက် အကြီးဆုံးဖြစ်တဲ့ အတွေ့အကြုံ အများဆုံးဖြစ်တဲ့ အဖိုးကြီးက ဆာမူရိုင်းတွေကို အခကြေး ငွေပေးငှားပြီး ပြန်တိုက်မယ်ဆိုရင် ဖြစ်နိုင်ကြောင်း ထောက်ပြလာပါတယ်။ ရွာသားအားလုံး တခဲနက်သ ဘောတူကြပါတယ်။ သို့သော် ခြက်ခြင်းပဲ လက်မှိုင်ခြသွားကြပြန်ပါတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ဆာမူရိုင်းငှားရမ်းခ က အလွန်ဈေးကြီးတဲ့ အတွက် သူတို့ရွာလေးက ထွက်တဲ့စပါးတန်ဖိုးထက်တောင် များနေလို့ ဖြစ်ပါတယ်။ နောက် ဆုံးမှာတော့ အဖိုးကြီးက အောင်မြင်ပြီး နာမည်ကြီးနေတဲ့ ဆာမူရိုင်းများကို ငှားရမ်းခြင်းထက် ဆင်းရဲတဲ့ ဆာမူရိုင်းများ ကိုသာ ရှာဖွေဖို့ ဆုံးဖြတ်ချက် ပေးလိုက်ပါတယ်။
ထိုခေတ်ထိုအခါတုံးက ဂျပန်ဆာမူရိုင်းများဟာ သူတို့ဘဝတိုးတက် ကြီးပွါးရေးအတွက် သင့်တော်ရာအုပ်စုများ ဖွဲ့ပြီး တိုက်ခိုက် ကြပါတယ်။ ဆာမူရိုင်းဆိုတာကလည်း ဓါးခုတ်တတ်ရုံနဲ့ မပြီးပါ။ မျိုးရိုးကပါ ဆာမူရိုင်းမျိုးရိုးဖြစ်မှ လူရိုသေ ရှင်ရိုသေ ရှိတာ လည်း ဖြစ်ပါတယ်။ နိုင်တဲ့အုပ်စုဖက်က နယ်မြေတွေ လယ်ယာတွေကိုသိမ်း၊ ရဲတိုက်အသေးစားလေး တွေဆောက်ပြီး နယ်စား ပယ်စား အသွင်နေကြတဲ့ အတွက် နာမည်ကြီး ဆာမူရိုင်းတွေကို ဈေးပေါပေါနဲ့ ငှားရမ်းဖို့ဆို တာ မဖြစ်နိုင်ပါဖူး။ ဆာမူရိုင်း ဆိုတာ ဂျပန်နိုင်ငံရဲ့ ဇတ်မြင့်လူတန်းစား တမျိုးဖြစ်ပြီး အများအကျိုးအတွက် ဖိနှိပ်ခံ နေရတဲ့ သူများအတွက် အခကြေးငွေ မယူပဲ အလကား လိုက်တိုက် ပေးနေတဲ့ လူမျိုးမဟုတ်တာကိုလည်း ဒါရိုက်တာ က ပုံဖေါ်ထားပါတယ်။ ဆာမူရိုင်းဆိုတာ သူတို့ အောင်မြင်မှု အတွက်သာ တိုက်ခိုက်တဲ့ လူစားမျိုး ဖြစ်ကြောင်း မမေ့ဖို့ ဒါရိုက်တာက လှစ်ဟပြထားခြင်းပါ။
ဒီလိုနဲ့ ဆာမူရိုင်းငှားမဲ့ ရွာသားတအုပ် မြို့တက်သွားကြပါတယ်။
သူတို့ အနေနဲ့ ဝါရင့်ဆာမူရိုင်းကြီး တယောက်ကို ပထမဆုံးတွေ့ပါတယ်။ ဒီဆာမူရိုင်းကြီး အနေနဲ့ ဓါးပြဂိုဏ်းက ရွာသားတွေကို နှိပ်စက်နေတဲ့အပေါ် သနားပေမဲ့ သူတဦးတည်းနဲ့လည်း တိုက်လို့မဖြစ်သေးကြောင်း ရှင်းပြပါတယ်။ အမှန်တော့ ဒီဆာမူရိုင်း ကြီးလည်း အရွယ်ရှိတုံးက နေရာအနှံ့ တိုက်ပွဲတွေဝင်ခဲ့ပေမဲ့ သူရည်မှန်းထားသလို ရဲတိုက် တွေ၊ လယ်မြေတွေ၊ နောက်လိုက် အစေခံတွေနဲ့ သူ့ဘဝဟာ ချမ်းသာမလာခဲ့ပါဖူး။ တိုက်ရေးခိုက်ရေးကနေ အသက် ကြောင့် အနားမယူခင် သူတပါး ကောင်း ကျိုးလေးတော့ တတ်နိုင်သလောက် ဆောင်ရွက်ပေးဦးမှဆိုတဲ့ စိတ်ကူး ကြောင့်သာ ရွာသားများ ငှားရမ်းတာကို လက်ခံ လိုက် တာ ဖြစ်ပါတယ်။ ဆာမူရိုင်း ဘဝကိုလည်း တစတစနဲ့ စိတ် ကုန်ခမ်းနေပုံလည်း ရှိပါတယ်။ ငှားရမ်းခကတော့ များများ မဟုတ် ပါဖူး။ ထမင်းတနေ့သုံးနပ်နဲ့ ဆာကေအရက်အဝ တိုက်မယ်ဆိုတဲ့ သဘောတူညီချက်သာ ဖြစ်ပါတယ်။
အဲသည့်ဆာမူရိုင်းကြီးနောက်မှာ ဆာမူရိုင်းတို့ အတတ်ပညာများ ဆည်းပူးလိုတဲ့ အတွက် တကောက်ကောက် လိုက် နေတဲ့ ဆာမူရိုင်းပေါက်စလေး တဦးလည်းရှိပါတယ်။ အဆိုပါ ဆာမူရိုင်းကလေးဟာ မျိုးရိုးက ဆာမူရိုင်းဖြစ်ပေမဲ့ ဓား ခုတ်လှံထိုး တိုက်ခိုက်ရေး အတတ်ပညာအဖုံဖုံမှာ မကုံလုံသေးတဲ့ အတွက် ဆာမူရိုင်းကြီးနောက်မှာ ဇွတ်အတင်း ပေ ကပ်လိုက်နေပြီး တပည့်ခံနေတဲ့ လူငယ်ဆာမူရိုင်းလေး ဖြစ်ပါတယ်။ သူ့ကို အရည်အသွေး မပြည့်ဝသေးတဲ့ လက်သင် ဆာမူရိုင်းလေးအဖြစ် ဝါရင့်ဆာမူရိုင်းကြီးက သတ်မှတ်ထားပါတယ်။
ဆက်ပြောရရင်တော့ ဆာမူရိုင်းကြီးကပဲ ဦးဆောင်ပြီး နောက်ရက်တွေမှာ နောက်ထပ်ဆာမူရိုင်း ရှာပုံတော်ဖွင့်ပါ တယ်။
ဒုတိယမြောက် ဆာမူရိုင်းတယောက် ထပ်ရပါတယ်။ အဲသည့် ဆာမူရိုင်းက ရွာသားတွေ ခံစားနေရတာကို သူ့အနေ နဲ့ကိုယ်ချင်း စာကြောင်း သို့သော် ဒီလိုအဖြစ်မျိုးတွေက ဂျပန်တနိုင်ငံလုံးမှာ ဖြစ်နေတော့ သူ့အနေနဲ့ ဘာမှမတတ်နိုင် ကြောင်းကိုလည်း ပြောပါတယ်။ ငှားရမ်းခကလည်း မက်လောက်စရာ မရှိတာတပိုင်း ဖြစ်ပါတယ်။ သို့သော် ဝါရင့် ဆာမူရိုင်းကြီးနဲ့ သူက ဟိုတုံးက တိုက်ပွဲအချို့မှာ လက်တွဲတိုက်ဖူးတဲ့ အတွက် ဝါရင့်ကြီးမျက်နှာကိုထောက်လို့ သည် တပွဲတော့ လိုက်တိုက်ပေးပါမယ်လို့ ဂတိ ပြုပါတယ်။
တတိယမြောက် ဆာမူရိုင်းကို ရပုံကတော့ သည်လိုပါ။ အဆိုပါ ဆာမူရိုင်းကတော့ သူရဲ့ ဆာမူရိုင်းအရည်အသွေး ပြည့် သည် ထက် ပြည့်ဝအောင် ကျင့်ကြံနေတဲ့ သူတယောက်ဖြစ်ပါတယ်။ ပြောရရင် သူရဲ့ ဓါးခုတ်ပညာ တဖက်ကမ်း ခတ်အောင် အမြဲ မပြတ်လေ့ကျင့် နေသူလည်း ဖြစ်ပါတယ်။ အများရှေ့မှာ သူ့ကိုပြောင်ပြောင်တင်းတင်း စိမ်ခေါ်လာ တဲ့ တခြားဆာမူရိုင်း တယောက်ကို မျက်စေ့တမှိတ်အတွင်း အသက်ပါပျောက်အောင် ဓါးခုတ်ပညာထက်သူဖြစ်ပါ တယ်။ သူအနေနဲ့ ဝါရင့် ဆာမူရိုင်းကြီး ဖိတ်ခေါ်တာကို လက်ခံလိုက်တာကတော့ တခြားကြောင့်မဟုတ်ပါ။ သူရဲ့ ဓား ခုတ်ပညာကို ဓါးပြဂိုဏ်းနှိမ်နင်းတဲ့ နေရာမှာ လေ့ကျင့်ရာလည်းရောက် လက်တွေ့လည်း အသုံးခြဖို့ အခွင့်အလမ်း ရမှာဖြစ်လို့ ပါပဲ။
စတုတ္ထမြောက် ဆာမူရိုင်းတဦး ထပ်မံရရှိပါတယ်။ သူကတော့ အဆင်းရဲဆုံး ဆာမူရိုင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဆာမူ ရိုင်းဓါးကို ဘေးမှာခြပြီး အိမ်တကာမှာ ထင်းလိုက်ခွဲရင်း ဝမ်းကျောင်းနေရသူ ဖြစ်ပါတယ်။ ဘာဘဲပြောပြော တနေ့ ထမင်းသုံးနပ်နဲ့ ဆာကေအရက်အဝ သောက်ရမဲ့ ကိစ္စက ထင်းခွဲတာထက် ပိုပြီးအဆင်ပြေတယ် ဂုဏ်ရှိတယ်လို့ ယူဆလို့ ဝါရင့်ကြီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။
ပဉ္စမမြောက် ဆာမူရိုင်း ကတော့ တခြားဆာမူရိုင်းတွေထက် ငွေကြေးပိုရှိပုံပေါ်ပါတယ်။ ဝတ်တာ စားတာကလည်း အဖိုးတန် အဝတ်အစားတွေကို ဝတ်ပါတယ်။ ငှားရမ်းခကို မမက်မောသော်လည်း ဆာမူရိုင်းတအုပ် လူစုပြီး ဓါးပြ ဂိုဏ်း နှိမ်နင်းမှာကို စိတ်ဝင်စားလို့ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်ခြင်းဖြစ်ပါတယ်။
အဲသည့်အချိန်မှာ ဆာမူရိုင်း လက်သင်ကလေးက ဈေးထဲမှာ စိတ်ဝင်စားဖွယ် ဆာမူရိုင်းတယောက်ကို တွေ့ခဲ့ ကြောင်း၊ အရက်မူးနေပေမဲ့ နှစ်ယောက်တယောက်နဲ့ ခံသတ်ထိုးကြိတ်ကြောင်းကိုလည်း ဝါရင့်ကြီးကို ပြောပြပါတယ်။ ထိုသူကိုလည်း သူတို့အစီအစဉ်မှာ လက်ခံသင့်ကြောင်း ပြောပြလို့ အဲသည့် အရက်သမားရဲ့ ဆာမူရိုင်း အရည်အ သွေးကို စမ်းသပ်ကြည့်တဲ့ အခါမှာ ပေမှီတန်းမှီ မရှိတာကို တွေ့ရပါတယ်။ အဲ့ဒါ့အပြင် စစ်ဆေးကြည့်လိုက်တော့ အရက်သမားဟာ ဆာမူရိုင်း မျိုးရိုးက ဆင်းသက်လာတာ မဟုတ်ပဲ ဆာမူရိုင်းဟန်ဆောင်နေတဲ့ ဆာမူရိုင်း အတုဖြစ် တယ် ဆိုတာပေါ်သွားပါ တယ်။ ဆာမူရိုင်း ဖြစ်ခြင်လွန်းလို့ ဆာမူရိုင်းဟန်ဆောင်နေရတဲ သာမန်အရပ်သား တဦးပါ။ အဲဒါနဲ့ အရက်သမားကို ဝါရင့်ကြီးနဲ့ အဖွဲ့က မရွေး ချယ်လိုက်ပါ။
အချိန်ကလည်း တဖြည်းဖြည်း ကုန်လာတာကြောင့် ဓါးပြတွေ နှိပ်စက်နေတဲ့ ရွာကို ရသမျှသော ဆာမူရိုင်းတွေနဲ့ ချီ တက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဆာမူရိုင်း လက်သင်ကလေးကိုတော့ လက်တိုလက်တောင်း ခိုင်းဖို့ဆိုပြီး ဝါရင့်ကြီးက နောက်ဆုံးမှာ အတူလိုက်ဖို့ လက်ခံလိုက်ပါတယ်။ ခွေးဝင်စားဆာမူရိုင်းလို့ ဆိုရမလားပဲ။
ရွာသားတွေနဲ့ ဆာမူရိုင်း ခြောက်ယောက် သွားရာလမ်းတလျှောက်မှာ အရွေးချယ်မခံရတဲ့ အရက်သမား ဆာမူရိုင်း အတုက တကောက်ကောက်နဲ့လိုက်လာပါတယ်။ ဓါးပြတွေကို သူပါလိုက်တိုက်ပါရစေဆိုတဲ့ သဘောပါ။ နောက်ဆုံး မှာတော့ အားလုံးက ကိုင်း ,,,, လိုက်ခြင်သပဆိုလည်း လိုက်ပစေတော့ဟု လက်ခံလိုက်ရပါတယ်။ ပြောရမယ် ဆိုပါက ဆာမူရိုင်းအစစ်က ငါး ယောက်သာ ရှိပါတယ်။ လက်သင်ကလေးနဲ့ အတုပါထည့် ပေါင်းရင်တော့ ဆာမူရိုင်း ခွန်နှစ်ယောက်ဖြစ် သွားပါပြီ။
သို့သော် အဆိုပါ ဆာမူရိုင်း အားလုံးဟာ နှိပ်စက်ခံနေရတဲ့ ရွာသားများကို သနားမိတာက လွဲလို့ တဦးခြင်းစီမှာ ကိုယ့်စိတ်ကူး၊ ကိုယ့်ရည်ရွယ်ချက်ကိုယ်စီနဲ့ သည်ခရီးကို လိုက်လာကြတာ ဖြစ်ကြောင်း ဒါရိုက်တာက မီးမောင်းထိုး ပြထားပါတယ်။ လူ့သဘောလူ့မနောကို ထောက်ပြတယ်လို့လည်း ဆိုနိုင်ပါတယ်။
ရွာကိုရောက်တော့ ရွာသားတွေရဲ့ လူ့စရိုက်ကိုလည်း တွေ့ရပါတယ်။ တချို့ရွာသားတွေက သူတို့သမီးပျိုတွေကို ဆာမူရိုင်းတွေ က အတည်မယူဘဲ ကြောရယုံကြံသွားမှာစိုးလို့ ယောက်ျားလေးလို ဝတ်ထားခိုင်းတာမျိုး၊ ၀ှက်ထား တာမျိုးတွေ လုပ်တာကို တွေ့ရပါတယ်။ သည်ကြားထဲမှာ ဆာမူရိုင်းတွေ တွေ့သွားမှာစိုးလို့ အစားကောင်းတွေ၊ အရက်ကောင်းတွေကိုလည်း ၀ှက် ထား ကြပါသေးတယ်။ တိုတိုပြောရရင် ဆာမူရိုင်းတွေက ဦးဆောင်ပြီး ရွာသားတွေ ကို ဓားခုတ်လှံထိုးတွေ လေ့ကျင့်ပေးပါ တယ်။ ရွာလုံခြုံရေးအတွက် ဆူးညောင့်ခလုတ်တွေ ပြင်ဆင်ပါတယ်။
သည်ကြားထဲမှာ ဆာမူရိုင်းများ ခံစားချက် မကောင်းဖြစ်ရတာ တခုကို ပုံဖေါ်ထားပါသေးတယ်။ အဲတာကတော့ မမျှော်လင့်ပဲ ရွာသားတွေဆီမှာ ဖွက်ထားတဲ့ တန်ဖိုးကြီးတဲ့ ဆာမူရိုင်းဓါးတွေ၊ အဖိုးတန် တိုက်ပွဲဝင် ချတ်ဝတ်တန် ဆာတွေကိုတွေ့ လိုက်ရလို့ ဖြစ်ပါတယ်။ အဲသည့်ပစ္စည်းတွေကို ရွာသားတွေရပုံက သည်လိုပါ။ ရွာအနီးအနား တ ဝိုက်မှာ ဟိုတုံးက ဆာမူရိုင်းများ တဖွဲ့နဲ့ တဖွဲ့ တိုက်ပွဲဖြစ်လို့ တိုက်ပွဲအပြီး မသေမရှင်ဒဏ်ရာနဲ့ ကျန်နေတဲ့ ဆာမူရိုင်း များကို ရွာသားများကသတ်ပြီး ယူထားတဲ့ ပစ္စည်းတွေ ဖြစ်နေလို့ပါပဲ။
နောက်ဆုံးမှာတော့ ဓါးပြဂိုဏ်းကို တိုက်ပွဲ အလီလီ ဆင်နွှဲရင်း အောင်ပွဲရလိုက်ပါတယ်။ ဆာမူရိုင်း ခွန်နှစ်ယောက်မှာ
လေးယောက် ကျဆုံးပြီး ရွာသားတချို့လည်း တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာ ရကြပါတယ်။
တဦးချင်းစီ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိနေတဲ့ ဆာမူရိုင်းအဖွဲ့ရယ်၊ အကြောက်ကြီးတဲ့ ရွာသားတွေရယ်ဟာ တကယ် တော့ တဦးနဲ့တဦး အစပ်အဟပ်မတည့်လှပါဖူး။ သို့သော်လည်း အကြောင်းတရားတခု ပေါင်းစုံလာတဲ့အခါမှာ ကျောခြင်းကပ်ပြီး တိုက်ပွဲတခုအပေါ်မှာ အောင်ပွဲဆင်လိုက်နိုင်ပါတယ်။
ဆာမူရိုင်းတို့ဖက်မှာတော့ ဝါရင့်ကြီးရယ်၊ သူရဲ့တိုက်ဖေါ်တိုက်ဖက်ရယ်၊ လက်သင်လေးရယ်ပဲ အသက်မသေပဲ ကျန်ခဲ့ ပါတယ်။ ဝါရင့်ဆာမူရိုင်းကြီးက သည်အောင်ပွဲဟာ ဆာမူရိုင်းတို့ အောင်ပွဲမဟုတ်ပဲ ရွာသူရွာသားများရဲ့ အောင်ပွဲသာ ဖြစ်ကြောင်း မှတ်ချက်ချပါတယ်။ ကျနော်တို့လည်း ဝင်တိုက်ရတာပဲ၊ ဘာဖြစ်လို့ အဲသလို ပြောနိုင်ရတာလဲ ဆိုတာကို လက်သင်ကလေးက မေးပါတယ်။ ဝါရင့်ဆာမူရိုင်းကြီးက “အောင်ပွဲဆင်လိုတဲ့ စိတ်ဓာတ် ရွာသားတွေ မှာရှိနေလို့” ဟု ဖြေဆိုလိုက်ခြင်းပင်။
ကနေ့ကျနော်တို့ တိုင်းပြည်တွင် ထိုရုပ်ရှင်ထဲမှ ဆာမူရိုင်းများထက် အများကြီး သာလွန်သောသူများ ရှိနေပါတယ်။ ဖိနှိပ်မှုများ ကို တွန်းလှန်ရမည်ဆိုသော ရည်ရွယ်ချက်တူသူများလည်း ဖြစ်ကြပါတယ်။ တိုင်းသူပြည်သားများ လည်း အာဏာရှင် စစ် အစိုးရအောက်မှာ မနေလိုကြ။ လိုနေသည့် အကြောင်းအရင်းများ ဘာကြောင့် မပေါင်းစုံနိုင်ရသနည်း ဆိုတာကိုတော့ ဆန်း စစ်ဖို့လိုနေကြောင်း ဆိုပါရစေ။
ဇော်မင်း (လူ့ဘောင်သစ်)
၁၅ရက်၊ စက်တင်ဘာလ၊ ၂ဝဝ၈ ခုနှစ်
Tuesday, September 16, 2008
ဆာမူရိုင်းခွန်နှစ်ယောက်နဲ့ ရွာသားများ
Posted by ရွက်မွန် at 6:10 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment