ဖိုး
မြိုင်တို့ ကျောင်းသားဘဝတုံးက ကြုံခဲ့ရတာလေးတခု ပြန်ဝေငှချင်သည်။ အဲသည်တုံးက ဖိုးမြိုင်က မန္တလေး တက္ကသိုလ်မှာ တတိယနှစ်ကျောင်းသားဘဝ။ နယ်ကနေ ကျောင်းလာတက်နေတဲ့သူ။ မန္တလေးကို ဟိုတုံးက လူကြီးတွေနဲ့ အလည်သဘောမျိုး သုံးလေးခေါက် ရောက်ဖူးတာကလွဲလို့ နှံ့နှံ့စပ်စပ် သွားလာလည်ပတ် ဖူးတာမျိုးတော့ မဟုတ်။
မန္တလေးမှာ တက္ကသိုလ် လာတက်တယ်ဆိုတော့ တဖြည်းဖြည်းနဲ့ အပေါင်းအသင်းနယ်ပယ်လည်း ကျယ်လာတာပေါ့။ မြို့ပေါင်းစုံ နယ်ပေါင်းစုံက ကျောင်းသားကျောင်းသူများနဲ့ သူငယ်ချင်းတွေ ဖြစ်ရသလို မြို့ခံမန္တလေးက ကျောင်းသား တွေနဲ့လည်း ငယ် ပေါင်းကြီးဖေါ်တွေလို ခင်မင်ရင်းနှီးလာခဲ့သည်။
ဖိုးမြိုင်နဲ့အတွဲများတဲ့ သူငယ်ချင်းတွေကတော့ မောင်မောင်လေးတဲ့၊ မောင်မောင်ဒွန်းတဲ့၊ မောင်မောင်စောတဲ့။ သူတို့ က မိဘ ဘိုးဘွား အဆက်ဆက်ကတည်းက မန္တလေးမှာ နေသူတွေဆိုတော့ နာမည်တွေက နန်းဆန်သလိုလို ဘာလို လို။ ဖိုးမြိုင်တောင် သူ့နာမည်ကို မောင်မောင်မြိုင်လို့ ပြောင်းရင် ကောင်းမလားဟု စဉ်းစားမိခဲ့ သေးသည်။ မောင် မောင်စောက စက်ကိရိယာ ပစ္စည်းတခုခုကို နှိုက်ချွတ်နေတတ်တဲ့ ဝါသနာရှိသူ။ မောင်မောင်ဒွန်း ကတော့ အင်္ဂလိပ် သီချင်းတွေ နားထောင်တာ အလွန် ဝါသနာကြီးသူ။ သူ့အိမ်မှာ အင်္ဂလိပ် သီချင်းအခွေများ ရာနှင့်ချီ၍စု ဆောင်းထား သည်။ မောင်မောင်လေးကတော့ အားလုံး နဲ့ မတူ ထူးခြားသည်။ ကျောင်းတက်ရင်း အားရင်အားသလို တဖက်မှာ အ ပိုဝင်ငွေရအောင် ဆိုင်ကယ်ပွဲစား အလုပ်ကိုလည်း လုပ်သေးသည်။
"ဟေ့ကောင်တွေ .... ကနေ့ဘီယာသွားသောက်ကြမလား"။ မောင်မောင်လေး အဲသလို အဆိုတင်သွင်းတဲ့နေ့ဆိုရင် ဆိုင်ကယ် အရောင်းအဝယ်ဖြစ်လို့ ပွဲခရခဲ့တယ်ဆိုတာ ဗေဒင်မေးစရာမလို။ အားလုံးက အထာပေါက်ပြီးသား။ "ဘီယာဖိုး ငါပေးမယ်၊ ဒါပေမဲ့ နှစ်ဆယ်အစိတ်လောက်တော့ မင်းတို့အမြည်းဖိုးစိုက်ရမယ်"။ ဖိုးမြိုင်တို့လည်း အမြည်းဖိုး နှစ်ဆယ် အစိတ်တော့ ပျော်ပျော်ကြီးစိုက်တာပေါ့။ ဘီယာဆိုပေမဲ့လည်း တကယ်တန်း ဝယ်သောက်နိုင်တာက စည်ဘီယာပါ။ ပိုက်ဆံနည်းနေတဲ့ အခါမျိုးဆိုရင် တွက်ခြေကိုက်အောင် အဲသည့် စည်ဘီယာထဲကို ဘီအီး (အရက်ဖြူ) ရောပြီးသောက် လေ့ ရှိကြသည်။ မန္တလေး ပုလင်း ဘီယာကတော့ အနားမကပ်နိုင်တာ များသည်။
သောက်ရင်းစားရင်း အရှိန်ရလာတဲ့ အခါမျိုးမှာ မောင်မောင်လေးဟာ သရဲသဘက် နာနာဘာဝ ဇတ်လမ်းများ ပြော တာ အလွန် ဝါသနာထုံသူ တဦးလည်း ဖြစ်သည်။ " မောင်မောင်လေး ဖုတ်ဝင်တယ် ဆိုတာဘာလဲ မင်းသိလား" ဟု မောင်မောင် ဒွန်းက မေးလိုက်သည်။ "ဟ့  ဘာဖြစ်လို့မသိရမှာလဲ သိတာပေါ့။ ငါတို့ငယ်ငယ်တုံးက အရပ်ထဲမှာ ဆံပင် ညှပ်တဲ့ ကိုကံဆိုတာ ဖုတ်ဝင်သွားလို့ ဆရာတွေဘာတွေပင့်ပြီး ကုတာတောင်မရလို့ နောက်ဆုံး အထက်ဂိုဏ်းက ဆိုလား ဘုန်းကြီးတပါးကို ပင့်ပြီး ကုမှ အဲသည့်ဖုတ်က ထွက်သွားတာ။ ဒါပေမဲ့ ကြာကြာမခံလိုက်ဖူး နောက်တော့ သေတာပဲ။" လူတယောက် ဖုတ်ဝင်နေတာ ဘယ်လိုလုပ် သိသလဲဟု မောင်မောင်စောက အထွန့်တက်၍ မေးလိုက် သည်။
"ဒီလိုကွ ... ကိုကံကြီး ဖုတ်ဝင်နေတဲ့ အချိန်မှာ သူကဆံပင်မညှပ်တော့ပဲ တနေ့တနေ့ ငူငူကြီးထိုင်နေတာ။ လာသမျှ လူတွေကို လည်း မျက်ထောက်နီကြီးနဲ့ စိုက်ကြည့်ပြီး ဘယ်သူ့ကိုမှ စကားမပြောဖူး။ သူ့ကိုယ်ကနေ ထွက်တဲ့အနံ့က လည်း အပုပ်နံ့လို မျိုးလို့ ပြောကြတယ်။ သူ့အမေက ထမင်းစားမယ်လို့ လာခေါ်ရင် သွားစားတယ်။ သို့သော် ထမင်း တခါစားရင် တပြည်ချက် လောက်စားတယ်၊ အမဲသားဟင်းကို အမြဲ တောင်းလို့ အမဲသားနေ့တိုင်း ချက်ကြွေးရတယ်။ ဒိပြင်အသားကို မတောင်းဖူး အမဲသားပဲ။ တချို့က ဒါကို သရဲအစီးခံရတယ်လို့လည်း ပြောကြတယ်။"
မောင်မောင်ဒွန်းက "အေး... မင်းလဲ ဖုတ်ဝင်နေသလားလို့၊ အမြည်းတွေကို စွတ်စားမနေနဲ့ ဒီမှာဘီယာတွေက အ များကြီး ကျန်နေသေးတယ်" ဟုဝင်ထောက်တော့ သူတို့အားလုံးသာမက ဘေးဝိုင်းက လူတွေကပါ တသောသော နှင့် ဝိုင်းရယ်ကြ သည်။
"မောင်မောင်လေး ... ဒါနဲ့ မင်းက ဆိုင်ကယ်ပွဲစားလုပ်နေတာ အတွေ့အကြုံ အတော်လေးရှိနေရဲ့သားနဲ့ ဘာဖြစ်လို့ ကားပွဲစား မဖြစ်သေးတာလဲ "ဟု ဖိုးမြိုင်က စပ်စုလိုက်သည်။ မောင်မောင်လေးက စပ်ဖြည်းဖြည်းနှင့် ဤသို့ဖြေ၏။ "ဒီလိုရှိတယ်ကွ... ကျောင်းတဖက် တက်နေရတော့ စာမေးပွဲအကျခံလို့ မဖြစ်တာကတပိုင်း၊ ကားပွဲစားဖြစ်ဖို့ လိုတဲ့ အရည်အသွေး မပြည့်သေး တာကလည်း ဟီးဟီး... တပိုင်းလို့ ဆိုရမှာပေါ့။"
မောင်မောင်စောက ဖိုးမြိုင်ကို လှမ်း၍ကြပ်သည်။ "ဖိုးမြိုင်... မင်းဒီကောင့်ကိုမေး ကားပွဲစား တယောက်ဖြစ်ဖို့ ဘာ အရည် အသွေးတွေ လိုသလဲဆိုတာ။"
ငိုချင်ရက် လက်တို့ဆိုတဲ့အတိုင်း မောင်မောင်လေးကလည်း သူတို့ကားပွဲစား၊ ဆိုင်ကယ်ပွဲစား လောကအကြောင်းကို ပြေချင် နေသူ။ "အဟမ်း အဟမ်း" ချောင်းကိုတချက် ရှင်းလိုက်ရင်း မောင်မောင်လေးက "ဒီလိုတော့ ရှိတယ်ကွ။ ရိုးရာအရကိုက ငါတို့ မန္တလေးက ကုန်သည်မြို့ဆိုတော့ ပွဲစားပေါင်း အမျိုးအမည်က များတယ်မို့လား။ သနပ်ဖက် ပွဲစား၊ ပဲပွဲစား၊ ဆေးပွဲစား၊ ဆန် ပွဲစား၊ အာလူးပွဲစား၊ လိမ္မော်သီးပွဲစား၊ လဖက်ပွဲစား၊ လဖက်ပွဲစားဆိုရင် လဖက်စို လဖက်ခြောက် နှစ်မျိုးစလုံး အတွက် ပွဲစား ကလည်း နှစ်မျိုးရှိတယ်။ ငါတို့ ဆိုင်ကယ်ပွဲစား ကားပွဲစားဆိုတာ စောစော ကပွဲစားတွေနဲ့ ယှဉ်လိုက်ရင် ပွဲစားလောကမှာ သက်တမ်းနုပွဲစား အမျိုးအစားလို့ ဆိုရမှာပေါ့။ "
မောင်မောင်လေးက ဖန်ခွက်ထဲက စည်ဘီယာကို တကျိုက် ကျိုက်ခြလိုက်ရင်း "ဒါပေမဲ့ငါ့လူ... မန္တလေးမှာ အထူးသ ဖြင့် အောင်မြင်တဲ့ ကားပွဲစား တယောက် ဖြစ်ဖို့က လွယ်တာမဟုတ်ဖူး။ စောစောက ပွဲစားမျိုးတွေ ဖြစ်ဖို့ကတော့ လွယ်တယ်။ " ဖိုးမြိုင်က "မောင်မောင်လေး... မင့်ဟာက နည်းနည်းလောက် တော့ မလွန်ဖူးလား။ ဟိုဟာတွေက လည်း တကယ့် ပွဲစားကြီး တွေနော "ဟု ထပ်၍ပင့်သည်။
တရုတ်ပြည်က လာသော ဇင်ဇင်းစီးကရက် တလိပ်ကို ကောက်၍ မီးညှိလိုက်ရင်း "မင်းတို့ အဲသလို ပြောလိမ့်မယ် ဆိုတာ ငါကသိပြီးသား"ဟု မောင်မောင်လေးက တုံ့ပြန်၏။ "ဆိုင်ကယ်ပွဲစား အဆင့်ကိုကျော်ပြီး မန္တလေးမှာ အောင်မြင်တဲ့ ကားပွဲစား တယောက်ဖြစ်ဖို့ ဆိုတာ၊ ငါပြောမယ် သေသေချာချာမှတ်ထား၊ အသက်သုံးသက် ဘဝသုံး ဘဝ သေဆုံး စုတေပြီးမှ ကားပွဲစား တယောက် အဖြစ် ပြန်လည်ဝင်စားတာကွ။ အသက်သုံးသက် ဘဝသုံးဘဝဆိုတဲ့ နေရာမှာ ကျီးကန်းတကောင် သေဆုံးတဲ့အခါ၊ လက်ပြပုလိပ် (ခေါ်) မော်တော်ပီကယ် (ခေါ်) ယဉ်ထိန်းရဲတဦး သေဆုံး တဲ့ အခါ၊ နောက်တဘဝကတော့ ရှေ့နေတယောက် သေဆုံးတဲ့အခါ။ အဲသည့်သုံးဘဝကနေ လူတဦးတည်းအဖြစ် ပြန်လည်ဝင်စား လာတော့မှ အောင်မြင်တဲ့ ကားပွဲစား တယောက် ရဲ့ ဘဝကိုရတယ်လို့ မှတ်လိုက်။"
"အင်း တော်တော်တော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ။ ဆက်ရှင်းစမ်းပါဦး" ဟု ဖိုးမြိုင်က ထပ်၍ ပွဲတောင်းလိုက် သည်။ မောင် မောင်လေးက " ဆိုလိုတာကတော့ကွာ ကားပွဲစားဆိုတာ ကျီးကန်တကောင်လို အသားကုန် အာရဲရ မယ်၊ မော်တော်ပီကယ် တယောက်လိုလည်း အတောင်းအရမ်း ပက်စက်ရမယ်၊ အဲတာတွေအပြင် ရှေ့နေတယောက် လိုလည်း အဖြူကို အမဲဖြစ်၊ လိပ်ကို ကြမ်းပိုးဖြစ်အောင် ချက်ကျလက်ကျ ဟောနိုင်ပြောနိုင်ရမယ်။ အဲသည့် အင်္ဂါရပ် သုံးပါးနဲ့ ပြည့်စုံတဲ့ နေ့မှာ မင်းဟာ မန္တလေးမှာ အောင်မြင်တဲ့ ကားပွဲစား တဦးဖြစ်ပြီ။ သဘောပေါက်ပြီလား သူငယ်ချင်း။"
ပျော်ရွှင်ဖွယ်ကောင်းသော အချိန်တို့ကား အကုန်မြန်လှသည်။ ဖိုးမြိုင်တယောက် ကျောင်းတော်ကြီးက သူငယ်ချင်း များနှင့် ခွဲခွာ၍ တကယ့်ဘဝခရီးတွင် လှုပ်ရှားရုန်းကန် ရင်ဆိုင်လာခဲ့ရသည်မှာ နှစ်များမနည်းတော့။ သူ့ရပ်သူရွာ မှာတော့ အခုဆိုရင် ဖိုးမြိုင်တယောက်ကို ဂွမ်းပွဲစား၊ ချည်ပွဲစား ဦးဖိုးမြိုင်အဖြစ် လူသိများကြသည်။
ကျောင်းသားဘဝတုံးက အနှီဇတ်လမ်းအား အိမ်ကဇနီးသည်ကို ပြန်ပြောပြတော့ ရယ်လိုက်သည်မှာ မျက်ရည်များတောင် ထွက်သည်အထိ။ သို့သော် ဖိုးမြိုင်ထပ်ဖြည့်လိုက်သည့် စကားကြောင့် မိန်းမဖြစ်သူ အရယ်ရပ်၍ တောင်မြောက်လေးပါးကို ကြည့်ကာ "ကိုဖိုးမြိုင် တော်အဲသလို ရွှတ်နောက်နောက်တွေ ကျပ်ကျပ်ပြော အဖမ်းခံရလိမ့်မယ် သိရဲ့လား။" ဖိုးမြိုင် ပြောတာ ကတော့ တခြားမဟုတ်ပါ၊ "ဒို့အစိုးရကတော့ကွာ ကျီးကန်းတကောင်ရယ်၊ မော်တော်ပီ ကယ် တယောက်ရယ်၊ ရှေ့နေ တယောက်ရယ် သေလို့ ပြန်ပေါင်းပြီး ဝင်စားထာထက် ပိုပါတယ်။ ဖုတ်တကောင်ကိုပါ ထည့်တွက်ရမဟေ့" ဟူသတတ်။
ဇော်မင်း (လူ့ဘောင်သစ်)
၃ဝ ရက် စက်တင်ဘာ ၂ဝဝ၈ခုနှစ်
Wednesday, October 1, 2008
ဖုတ်တကောင်ကိုလည်း ထည့်တွက်ပါ
Posted by ရွက်မွန် at 12:07 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment