သူ့
နာမည်က "ပေါင်"။ ထိုင်းလိုနာမည် အရှည်ရှိပေမဲ့ "ပေါင်" လို့မှတ်ထားတော့ မှတ်မိ လွယ်တာပေါ့။ ပေါင်ရဲ့ မိဘတွေက သူတို့ ထိုင်းနိုင်ငံ အဆင့်အတန်းနဲ့ဆိုရင် မရှိမရှား လူလတ်တန်းစားဟု ဆိုနိုင်သည်။ ပေါင် တယောက် အလယ်တန်းပြ ကျောင်းဆရာ ဖြစ်လာတာ ၁၉၇၅ ခုနှစ်လောက်က။
ပေါင်ရဲ့ ရင်ထဲမှာ စိတ်ကူးတွေက အများကြီး။ သည်စိတ်ကူးများထဲက တခုကတော့ ကျေးလက်က ထိုင်းပြည်သူတွေ ကို ပညာ တတ်စေချင်သည်။ အထူးသဖြင့် အနာဂတ်ရဲ့ မျိုးဆက်ကလေးများအတွက် ပညာပါရမီဖြည့်ဖို့ "ပေါင်"တ ယောက် အာသီသ ပြင်းပြလှသည်။
တကယ်တန်းတော့ ပေါင် ကမြို့ကြီးသား။ ဘန်ကောက်မြို့တော်သား စစ်စစ်။ ဒါပေမဲ့ ဘန်ကောက်ကို ပေါင် စိတ်ကုန် လွန်းလှ သည်။ ၁၉၇၅ ခုနှစ်မှာ ဗီယက်နမ်စစ်ကြီး တရားဝင် ပြီးသွားပေမဲ့ ပေါင်တို့ ဘန်ကောက်မှာ မြောက်များလှတဲ့ အဖေါ်အချွတ် နိုက်ကလပ်တွေ၊ ဂိုဂို ကပွဲတွေ၊ အရက်ဘားတွေ၊ ပြည့်တန်ဆာရုံတွေဟာ ဗီယက်နမ်စစ်ပွဲရဲ့ အမွေတွေ အဖြစ် ကျန်ရစ်ခဲ့သည်။ ရှည်ကြာလှတဲ့ ဗီယက်နမ်စစ်ပွဲ ကာလတွေတုံးက အမေရိကန် စစ်အခြေစိုက် စခန်းတွေက ထိုင်းနိုင်ငံမှာ ရှိခဲ့သည်ကိုး။ အမေရိကန် စစ်သည်တွေကို ဖျော်ဖြေဖို့ကတကြောင်း စီးပွားရေးအရလည်း တွက်ခြေကိုက် တာကလည်း တကြောင်းဆိုတော့ ဒီနယ်ပယ်ဟာ ကျယ်သထက်ကျယ်လာတာ မဆန်းဖူးဟုလည်း ဆိုနိုင်သည်။
ဒီလိုနဲ့ "ပေါင်" တယောက် ထိုင်းနိုင်ငံတောင်ပိုင်းက တံငါရွာတရွာမှာ အလယ်တန်းပြ ကျောင်းဆရာအဖြစ် ရောက် လာခဲ့သည်။ တံငါရွာ ဆိုပေမဲ့ လက်ထိုးလှေနဲ့ ငါးဖမ်းတဲ့ခေတ်က ကုန်သွားပါပြီ။ အခုကတော့ စက်လှေတွေနဲ့ ငါးဖမ်း ကြသည်။ ရွာက အိမ် ခြေ သုံးလေးရာလောက်တော့ရှိတော့ ရွာကြီးဟု ဆိုလည်းမမှား။
"ဆရာပေါင် ကျောင်းသွားပြီလား" ကျောင်းသွားရာ လမ်းတလျောက် ရွာသားများက ပေါင်ကို နုတ်ဆက်ကြသည်။ တက်ကြွ လန်း ဆန်းသော အပြုံးဖြင့် ပေါင်ကလည်း "ဟုတ်တယ် အရီးလေးရေ"၊ "အဘရေ သွားလိုက်ဦးမယ်နော်" ဟု ဖြေရသည်ကို အကျေနပ်ကြီး ကျေနပ်နေမိသည်။
သည်အလယ်တန်းကျောင်းကို တနေ့တွင် အထက်တန်းကျောင်း အဖြစ် တိုးချဲ့နိုင်ရမည်ဟု ပေါင်တယောက် ရည်မှန်း ထား သည်။ ပညာရေးကို တဖြည်းဖြည်းချင်း မြှင့်ယူသွားမည်ဆိုတဲ့ စိတ်ကူး သူ့မှာ ရှိနေသည်။ ကျောင်းက အလယ်တန်း ကျောင်း အဆင့်အထိ ရှိနေသည် ဆိုပေမဲ့ ကျောင်းသားအရေအတွက်က မများလှ။ ထိုအထဲတွင်မှ ကျောင်းသူ အရေ အတွက်က ကျောင်းသား အရေအတွက်ထက် များနေသည်။ ဖြစ်ရပုံက သည်လို။ ယောက်ကျားလေးတွေက အသက် ဆယ့်တနှစ်၊ ဆယ့်နှစ်နှစ် အရွယ်တွေမှာ ကျောင်းကထွက်ပြီး မိဘတွေအလုပ်လုပ်တဲ့ ငါးဖမ်းစက်လှေတွေ ပေါ် ရောက်ကုန်ကြ၍ ဖြစ်သည်။
ထိုငါးဖမ်းစက်လှေတွေက ထိုင်းရေပိုင်နက်အတွင်း၌သာ ငါးဖမ်းသည်မဟုတ်။ မြန်မာ၊ အင်ဒိုနီးရှား ရေပိုင်နက်များအထိ တရား မဝင် သွားရောက် ငါးဖမ်းကြသည်။ ရွာက ငါးဖမ်းစက်လှေ အများစုရဲ့ ပိုင်ရှင်ကတော့ တခြားသူမဟုတ်၊ "ကန်မနမ်" ဟုခေါ် သော ရွာသူကြီးပင်ဖြစ်သည်။ ရွာသူကြီးသည် စက်လှေများ ပိုင်ဆိုင်ယုံတင် မက ရွာပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော ရော်ဘာခြံများကိုလည်း ပိုင်ဆိုင်သေးသည်။ သူကြီးလည်းဖြစ် ဓနအင်အားလည်း တောင့်သော ကန်မနမ်ကား ထိုအနီး အနားဝန်းကျင်တွင် သြဇာကြီးလှသည်။ နောက်တကြောင်းကလည်း ဘန်ကောက်မှ အာဏာရ နိုင်ငံရေးသမားများက သူကြီး နှင့်ငါးလုပ်ငန်းကို ဖက်စပ်လုပ်ကိုင်ထားကြသေးသည်။ သူတို့နှင့် သူကြီးက တဦးနှင့်တဦး အပြန်အလှန် အလုပ်ကြွေးပြု နေ သူများ ဖြစ်သည်။ ထို့ကြောင့် တော်ရုံ နယ်ခံ ရဲအရာရှိ များပင် သူကြီး သြဇာကို မလွန်ဆန်ရဲ။ ရွေးကောက်ပွဲရာသီ ရောက် လေတိုင်း သူကြီးက ထိုနိုင်ငံရေးသမားများ အတွက်မဲဆွယ် ပေးနိုင်သော ကြောင့် ဖြစ်သည်။ ကျောင်းပင် ကောင်းကောင်း မနေဖူးသော ရွာသားများကား သူကြီးထည့်ခိုင်းသည့် ကိုယ်စားလှယ် လောင်း အတွက်သာ မဲထည့်ကြသည်။ သူကြီးလုပ်ရပ်ကို မကြိုက်၍ အာခံဖို့ ကြိုးစားသည့် ရွာသား တဦးစ နှစ်ဦးစ ဤရွာမှ ပျောက်သွားခဲ့ဖူးသည်။ ပြောရမည်ဆိုလျှင် သူကြီးကား ရုပ်ရှင်ထဲက မာဖီးယားဂိုဏ်း ခေါင်းဆောင် နှင့်ပင် တူသေးတော့ သည်။
သို့သော် သူကြီးကား ခေသူမဟုတ်။ ပညာရေးကို အားပေးရမည်ဆိုသည့် ခေတ်အမြင်လေး နည်းနည်းတော့ ရှိသည်။ သူကြီး တွင် သမီးတယောက် သားတယောက်ရှိသည်။ သူတို့ကို ပညာတတ်များ ဖြစ်စေချင်သည်။ ပျိုမြစ်၍ လန်းဆန်း တက်ကြွသော ပေါင်ကို သူကြီးကလည်း သဘောကျသည်။
လူချင်းတွေ့တိုင်း သူကြီးက "ဆရာပေါင်ရယ် ကျုပ်သားသမီးတွေကို သင်သာသင်စမ်းပါ။ သမီးကို ဆရာဝန်ဖြစ်စေ ချင်တာ။ သားကတော့ ယောက်ျားလေးဆိုတော့ စစ်ဗိုလ်ဖြစ်ရင် ပီးတာပဲ" ဟုဆိုလေ့ရှိသည်။ ထိုခေတ်က ထိုင်းနိုင်ငံတွင် ယောက်ျား လေးတယောက် စစ်ဗိုလ်ဖြစ်ရချင်းမှာ အနာဂတ်လှချင်း ဆိုသည့်သဘောပင်။ ဆရာပေါင်က တော့ "စိတ်ချ သူကြီးမင်း၊ ကျနော် ကိုယ်စွမ်းညဏ်စွမ်း ရှိသလောက် သင်မှာပါ" ဟု ခင်မင်နှစ်လိုဖွယ် ကောင်းသော အပြုံးဖြင့် ပြန်ဖြေလေ့ရှိသည်။
သည်ရွာကို ရောက်လာသည့် အချိန်မှစ၍ ဆရာပေါင်တယောက် ရွာကကလေးများ၏ ပညာရေးအတွက် အစွမ်းကုန် ကြိုးစား သည်။ အရင်ရောက်နှင့်နေသော ကျောင်းဆွေး ဆရာဆရာမများနှင့် ကျောင်းအုပ်ကြီးတို့ကတော့ သည် ဆရာ ပေါက်စလေး အချိန်တန်လို့ အမောဆို့သွားမှ သဘောပေါက်မယ် ဆိုသောမျက်နှာပေးများဖြင့် ဘာမှဝင်မပြောကြ။
အခွင့်အရေး ရလျှင်ရသလို ဆရာပေါင်ကတော့ ကလေးမိဘများကို တိုက်တွန်း တရားဟောလေ့ရှိသည်။ "ကျနော့် သဘော ကတော့ ကလေးတွေကို အတန်းကုန်အောင် သင်စေ့ချင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ငါးလှေ မလိုက်ခိုင်းစေ ချင်ဖူး။ ပညာရေး ဟာ ရေရှည်အတွက် အရေးကြီးတယ်။" ဆင်းရဲတွင်းနက်သော ရွာသားများက ခေါင်းတငြိမ့်ငြိမ့်နှင့် ဆရာပေါင် ပြောသမျှ နားထောင်ကြသည်။ သို့သော် ကျောင်းထွက်သော ကျောင်းသားအရေအတွက်ကား လျော့မသွား။
သည်လိုနှင့် နှစ်အတန် ကြာညောင်းခဲ့သည်။ ကျောင်းသားအများစုကား အလယ်တန်းကိုပင် အတန်းကုန်အောင် မသင်ကြ။ ခါတိုင်းလိုပင် ကျောင်းမှထွက်၍ ငါးလှေပေါ်တက်၍ အလုပ်ခွင်ဝင်ကြသည်။ ဆရာပေါင်၏ အထက်တန်း ကျောင်း ဖြစ်အောင် လုပ်မည်ဆိုသည့် စိတ်ကူးလည်း အကောင်အထည် မပေါ်နိုင်သေး။ ဤကြားထဲတွင် ဆရာပေါင် အိမ်ထောင်ကျ သည်။ သူသည်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပေကိုး။
ဆရာပေါင်နှင့် အိမ်ထောင်ကြသော မိန်းကလေးကား တခြားသူမဟုတ် စာမေးပွဲ တဖုန်းဖုန်းကျ၍ ကျောင်းထွက်လိုက် သော ကန်မနမ်၏ သမီးချောပင်ဖြစ်သည်။ ဆရာပေါင်ကား သြဇာကြီးသော သူကြီး၏ သားမက် ဖြစ်လာခဲ့ခြေပြီ။ သူကြီး၏ သြဇာကို တဖက်ကအသုံးပြု၍ ရွာ၏ပညာရေးကို တိုးမြှင့်အံ့ဟု ဆရာပေါင်စိတ်ကူးရမိသည်။ သို့သော် ကံကြမ္မာသည် ဆရာပေါင်ကို မျက်နှာသာမပေးပါ။ ပထမဆုံးဖြစ်ပုံကတော့ သူကြီး၏သား ဆရာပေါင်၏ ယောက်ဖ သေနတ်နှင့် ချောင်းပစ် ခံရ၍ သေဆုံး ခဲ့သည်။ သူတို့နယ်အတွင်းရှိ အခြားပြိုင်ဖက် ကန်မနမ်တဦး၏သားနှင့် အချင်း များရာမှ စသည်ဟုလည်း ဆိုကြသည်။ ဒုတိယ အဖြစ်ကတော့ သူကြီးမင်း လေဖြတ်၍ အိပ်ရာထဲလဲချင်းပင် ဖြစ်သည်။
ဆရာပေါင်ကား ရွေးစရာလမ်း မရှိတော့။ ယောက္ခမ၏စီးပွားရေးကို ကယ်တင်ဖို့အတွက် ကျောင်းဆရာအလုပ်မှ ထွက် လိုက်ရ သည်။ ငါးဖမ်းစက်လှေများ၊ ရော်ဘာခြံ လုပ်ငန်းများကို ဦစီးကွပ်ကဲရတော့သည်။ သူကြီးမင်း ကွယ်လွန်ပြီး နောက်ပိုင်း မြို့ပေါ်မှ သူကြီး၏မိတ်ဆွေဟောင်းများ ဖြစ်သော အာဏာရ နိုင်ငံရေးသမားများ၏ စောင်မမှုနှင့် ရွာတွင် သူကြီးဖြစ်လေတော့သည်။ ဆရာပေါင်ဘဝမှ ကန်မနမ် ပေါင်ဘဝသို့ ကူးပြောင်းရလေပြီ။ သူကြီးမင်းဘဝတွင် အလုပ် တွေက များလှသည်။ ရွေးကောက်ပွဲ များ ပေါ်လာတိုင်း နိုင်ငံရေးသမားများအတွက် မဲဆွယ်ရသည်။ ငါးလှေ၊ ရော်ဘာ ခြံလုပ်ငန်းများကလည်း တဖက်မှာ ပိနေ သည်။ ကျောင်းဆရာဘဝမှ လာသူ ဖြစ်သောကြောင့် သူ၏ယောက်က္ခမ သူကြီးထက် ပါးရည်နပ်ရည် ပိုရှိသည်။ တုံးတိုက်တိုက် ကျားကိုက်ကိုက် မလုပ်။ ထို့ကြောင့် သူ၏သြဇာရိပ်သည် ထို နယ်တဝိုက်တွင် သူ၏ယောက်က္ခမ လက်ထက်ကထက် ပို၍ကြီးမား လာခဲ့သည်။ သူကြီးပေါင်က ပိုလို့ ဓါးထက်သည် ဟု နယ်ခံလူများက ဆိုကြသည်။
ကန်မနမ်လောကတွင် သြဇာအာဏာ ကြီးမားအောင် မဆောင်ရွက်နိုင်ပါက စီးပွားပါပျက်သွားနိုင်သည်မဟုတ်လော။ ပြိုင်ဖက် ကန်မနမ်များကလည်း အခွင့်အရေးရရင် ရသလို အမြဲ ပြူတစ်ပြူတစ် လုပ်နေကြသည်။ ထို့အတွက် ဆရာ ပေါင့်အနေဖြင့် သြဇာကြီးသော သူကြီးမင်း ဘဝကို ရရှိသော်လည်း အလယ်တန်းကျောင်းလေးကို အထက်တန်း ကျောင်း ဖြစ်သည်အထိ ဆောင်ရွက်ဖို့ အချိန်အားကမရှိတော့။
သူကြီးပေါင်တွင် သားသမီးလေးဦး ထွန်းကားသည်။ သို့သော် သူတို့အားလုံးလည်း ပညာရေးတွင် မချွန်ကြ။ အလယ် တန်း ပညာ ကုန်လုကုန်ခင် အဆင့်တွင် ကျောင်းထွက်၍ အိမ်စီးပွားရေးလုပ်ငန်းများကို ဝင်ကူကြသည်။ သားနှစ် ယောက်ကတော့ သိပ်သုံးမရ။ ဆိုင်ကယ်တစင်းစီနှင့် ဝေလေလေ လုပ်ချင်းဖြင့်သာ အချိန်ကုန်နေသည်။
ဆရာပေါင် သည်ရွာကို ရောက်လာခဲ့သည်မှာ အခုဆိုရင် နှစ်ပေါင်းသုံးဆယ် စွန်းခဲ့ပြီ။
"သူကြီးမင်း ရှိပါသလားခင်ဗျ။ " အိမ်ပေါက်ဝမှ လှမ်း၍မေးသံကို ကြားလိုက်၍ သူကြီးပေါင် အိမ်ရှေ့သို့ထွက်ကြည့် လိုက်သည်။ မျက်နှာချိုချိုနှင့် ရုပ်ရည်တင့်တယ်သော လူငယ်တဦး အိမ်ပေါက်ဝတွင် ရပ်နေတာကို မြင်လိုက်ရသည်။ "ကျုပ်ပါပဲ ဘာကိစ္စ များ ရှိလို့လဲ မောင်ရင်၊ သြော် အေး... အိမ်ထဲဝင်ထိုင်ပါကွယ်"ဟု သူကြီးပေါင်က ပြန်ဖြေလိုက် သည်။
"ကျနော့် နာမည်က ဘွန် လို့ခေါ်ပါတယ် ခင်ဗျာ။ ကျနော် မနေ့ကရောက်လာတဲ့ အထက်တန်းပြဆရာ အသစ်ပါ သူကြီးမင်း။ သူကြီးမင်းကို လာနှုတ်ဆက်တာပါ။ ပြီးတော့ သူကြီးမင်းများ အချိန်ရရင် ကျောင်းကိစ္စလေး အနည်းအပါး ဆွေးနွေးချင်လို့ပါ ခင်ဗျ။ "
ဟုတ်တာပေါ့။ အခုမှ သူကြီးပေါင် ကျောင်းကိစ္စကို ပြေး၍သတိရလိုက်သည်။ လွန်ခဲ့သည့် လေးနှစ်လောက်က အစိုးရက သည်ရွာရဲ့ အလယ်တန်းကျောင်းကို အထက်ကျောင်းအဖြစ် အဆင့်မြှင့်ပေးခဲ့သည်။ သို့သော် အထက်တန်းပြ ဆရာကား အပြည့် မရှိသေး။
မြင်မြင်ချင်း သည်ကျောင်းဆရာလေးကို သူကြီးပေါင် သဘောကျသွားသည်။ ထမင်းစားခန်းဖက်သို့ မျက်နှာလှည့် လိုက်ရင်း "သမီးရေ ဆရာလေး အတွက် အအေးယူခဲ့ပါကွယ်။ "
ဇော်မင်း (လူ့ဘောင်သစ်)
၁ဝရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်
Friday, October 10, 2008
သည်လောကကြီးထဲ ပြုတ်ကျသွားခြင်း
Posted by ရွက်မွန် at 4:06 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment