ပြီး
ခဲ့သည့် အပတ်က သတင်းတခု ဖတ်လိုက်ရသည်။ တခြားတော့ မဟုတ် ရခိုင်ပြည်နယ်မှ လယ်မြေဧက ငါးသောင်းကို ဘင်္ဂလား ဒက်ရှ်နိုင်ငံသို့ သဘောတူညီချက် ကန်ထရိုက် တခုချပေးကာ စိုက်ပျိုးခိုင်းမည်ဆိုသော သတင်းပင်။ အင်္ဂလိပ် ခေတ်တုံးက ငွေတိုးချေးစားသည့် ချစ်တီးကုလားများကို တင်သွင်းလာသည့် သဘောနှင့် အတူတူပင် ဖြစ်သည်ကို တွေ့လိုက်ရသည်။
(နအဖ) စစ်အစိုးရသည် အကြံတုံး ဉာဏ်တုံး ရှိလွန်းလှသည်။
လယ်စိုက်သည့် ကိစ္စကိုတောင်မှ ကိုယ့်ပြည်သူ ကိုယ့်လယ်သမားနှင့် မလုပ်နိုင်တော့ပြီလော။ သူတပါး လက်ထဲ ထိုးအပ်၍ လုပ်ခိုင်းရအောင်ကလည်း အဆင့်မြင့် ညူကလီးယားစက်ရုံ ဆောက်နေသောကြောင့်ဟု ဆိုလျှင် ထားဦးတော့။
စစ်တပ်က လုပ်သမျှ လူတွေက မကောင်းပြောကြသည်၊ စစ်တပ်က ကောင်းတာ လုပ်တာမျိုး ရှိလျှင်လည်း မချီးကျူးကြ၊ အဆိုး မြင်ဝေဖန်ကြဟု ဆိုနေသော သူများကိုလည်း သည်နေရာက ပြောလိုသည်။ မိမိနိုင်ငံက လယ်ကောင်းယာကောင်း တွေကို သူများလက်ထဲ ထိုးအပ်တာ ကောင်းချီးပေးဖို့ လိုသလားဟု မေးလိုသည်။
တဖက်မှာ ပြန်ကြည့်ပါကလည်း ရခိုင်ပြည်နယ်က အဆိုပါ လယ်ဧက ငါးသောင်းသည် ရိုးရာအရ ဒေသခံလယ်သမားများ ရှေး ကတည်းက ပိုင်ဆိုင် ထွန်ယက်လာသော မြေများဖြစ်သည်။ ထိုလယ်များကို စစ်အစိုးရက မတရား သိမ်းယူထားခဲ့ခြင်း သာ ဖြစ်သည်။ ဒေသခံ ဓားမဦးချ လယ်သမားများ မြေလက်မဲ့ ဖြစ်ရသည့် ကိစ္စသည် ဘယ်လိုမှ ဝမ်းသာ နိုင်စရာကိစ္စ မဟုတ်သလို သူတပါးလက်အောက်တွင် လယ်စာရင်းငှား အခိုင်းအစေများ ဖြစ်ကြရဦးမည်။ တသက်လုံး မိမိပိုင်ဆိုင်ခဲ့ သော လယ်ယာမြေ ပေါ်တွင် နိုင်ငံခြား ကုမ္ပဏီ၏ အကျိုးစီးပွားအတွက် ကျွန်ပြန်ခံရခြင်းကို ကောင်းသည်ဟု ချီးကျူး ရမည်လော။
ကနေ့အထိ လယ်ယာစိုက်ပျိုးရေးကို အားထားနေရသော၊ အခြေခံဆဲ ဖြစ်သော နိုင်ငံတခုတွင် မိမိ၏ တိုင်းရင်းသား လယ် သမားများက လယ်မပိုင်ဘဲ နိုင်ငံခြား ကုမ္ပဏီများက ချုပ်ကိုင်လုပ်ဆောင်ခြင်းက ပို၍ကောင်းသည်ဟု မည်သည့် စီးပွားရေး ပညာရှင် (အမာခံ အရင်းရှင်ကိုယ်စားလှယ် စီးပွားရေး ပညာရှင်များမှလွဲ၍) ကမှ ပြောလိမ့်မဟုတ်။ ထို့အတူ လယ်မြေကို မှီတင်းနေထိုင်းရသော လူများအတွက် ဖွံ့ဖြိုးတိုးတက်ခြင်းကို သယ်ဆောင်လာဖို့ ဆိုတာကား အဝေးကြီး မှာပင်။
စက်မှုထွန်းကား ဖွံ့ဖြိုး၍ ချမ်းသာနေသော ဂျပန်နှင့် အင်္ဂလန်နိုင်ငံတို့တွင် ယခုအချိန်အထိ သူတို့လယ်သမားများ သူတို့ မြေပေါ် တွင် ထွန်ယက်စိုက်ပျိုးနေဆဲ ဖြစ်သည်။ မည်သည့် နိုင်ငံခြား ကုမ္ပဏီလက်ထဲသို့မှ ထိုးမအပ်။ ၎င်းတို့ လယ်သမား များကို ဘဏ္ဍာရေးအရ ကူညီသည်။ ထို့အပြင် နည်းပညာအရ အကူအညီများ ပေးနေသလို ဈေးကွက် အရလည်း လိုအပ်သလို အကာ အကွယ်များ ပေးထားသည်။
"လယ်ယာစိုက်ပျိုး တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် တောနယ်များရှိ လယ်ယာအပေါ် မှီတင်းနေထိုင်သူများ အတွက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချသွားနိုင်သည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေး တိုးတက်အောင် ဆောင်ရွက်ခြင်းသည် တောနေ လူတန်းစားများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန်အတွက် အကောင်းဆုံး နည်းလမ်းပင်ဖြစ်သည်။ ထိုသို့ ဆင်းရဲမွဲတေမှုကို တစိုက်မတ်မတ် လျှော့ချသွားနိုင်မည်ဆိုပါက နောင်တွင် နိုင်ငံတော်အဆင့် ဆင်းရဲမွဲတေနေ မှုကိုပါ အတိုင်းအတာ တခုအထိ လျှော့ချ သွားနိုင်စွမ်းရှိသည်။"
"ကျနော်တို့ အနေဖြင့် အိန္ဒိယနိုင်ငံရဲ့ အတွေ့အကြုံကို ကြည့်ပြီး ပြောနိုင်သည်။ အိန္ဒိယနိုင်ငံ၏ အတိုင်းအတာတွင် တောနေ တောင်သူလယ်သမားများ၏ ဆင်းရဲမွဲတေခြင်းကို တစတစ လျှော့ချလာနိုင်ခြင်း အကျိုးဆက်အဖြစ် မြို့နေ လူတန်းစား၏ ဆင်းရဲမွဲတေခြင်းကိုပါ အဆင့်တခုအထိ လျှော့ချလာနိုင်ခဲ့တာ တွေ့ရသည်။ သို့သော် မြို့နေလူတန်းစား တခုတည်း၏ ဆင်းရဲ မွဲတေမှု တခုတည်းကိုသာကို လျှော့ချနိုင်ခြင်းသည် တောနေလူတန်းစား လယ်သမားများ၏ ဆင်းရဲခြင်းကို မလျှော့ချနိုင် ကြောင်းကိုလည်း လေ့လော တွေ့ရှိရသည်။"
အထက်ပါ စကားစုများကို ပြောကြားခဲ့ သူများကတော့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များ ဖြစ်သော အက်ရှ်လေ နှင့် မက်စ်ဝဲ ဆိုသူတို့ ဖြစ်သည်။ ထိုစကား၏ အဓိပ္ပါယ်သည် ချမ်းသာပြီး စက်မှုထွန်းကားသော နိုင်ငံများ အတွက် မဆိုလိုပါ။ လယ်ယာမြေကို အာထားနေရဆဲ ဖြစ်သော လူ့အဖွဲ့အစည်းများအတွက် အဓိက ဆိုလိုရင်းသာ ဖြစ်သည်။
ထိုပညာရှင်များ၏ လေ့လာမှုများအရ ဘင်္ဂလားဒက်ရှ်၊ ကင်ညာ၊ ဖိလစ်ပိုင်၊ ဘိုလစ်ဗီးယား နိုင်ငံများတွင် လယ်ယာ စိုက်ပျိုးရေး တိုးတက်ဖွံ့ဖြိုးလာသောကြောင့် တောနယ်များတွင် ဆင်းရဲမွဲတေမှုကို အတိုင်းအတာ တခုအထိ လျှော့ချ နိုင်ခဲ့ကြောင်း သိရ သည်။ စိုက်ပျိုးထုတ်ကုန် တိုးတက်မြှင့်မားလာခြင်းသည် ဆင်းရဲတွင်း၌ နေထိုင်နေရသော တောနေ လူပုဂ္ဂိုလ် တဦးချင်းစီအား ဆယ်မပေးနိုင်ရန် အလားအလာ ရှိသော ဖြစ်စဉ်ဟုလည်း ဆိုထားသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်၍ ကျွမ်းကျင်သူ ပညာရှင်တဦးဖြစ်သော ဒေနင်းဂျားကလည်း ဤသို့ ဆိုထား ပြန်သည်။
"လယ်ယာစိုက်ပျိုးရေးကို မှီခိုနေရသော လူတန်းစားအတွက် ၎င်းတို့နေထိုင်ရာ နိုင်ငံများတွင် ရှိနေသည့် အခြေအနေများ အပေါ် မှီတည်၍ လိုအပ်ပါက လိုအပ်သလို မြေယာပြုပြင် ပြောင်းလဲမှုများ လုပ်ဖို့လိုအပ်သည်။ ဆိုလိုသည်မှာ လယ်ယာ မပိုင်ဆိုင်သည့် လယ်သမားများအား လယ်ယာမြေ ပိုင်ဆိုင်လာရန်အတွက် ပြန်လည်ဝေချမ်း ပေးရန် ဖြစ်သည်။ (နိုင်ငံခြား ကုမ္ပဏီများ လက်ထဲသို့ မြေယာများ ထိုးအပ်လိုက်သည်နှင့် ဆန့်ကျင်ဖက် ဖြစ်ကြောင်း နိုင်းယှဉ်၍ ကြည့်နိုင်သည်။) ထို့ကြောင့် နိုင်ငံအတွင်း ပိုင်ဆိုင်မှုအခွင့်အရေး များကို စနစ်တကျ ပြန်လည်ပြင်ဖို့ လိုအပ်သည်။ ထိုသို့ပိုင်ဆိုင်မှု အခွင့်အရေးများကို လူ များစု မနစ်နာစေရဘဲ ပြဌာန်းနိုင်မှသာ လယ်ယာထွက်ကုန် တိုးတက် တည်ငြိမ်မည်လည်း ဖြစ်သည်။ ထိုသို့ တိုးတက် တည်ငြိမ် ပါမှ ဆင်းရဲမွဲတေမှုကို အတိုင်းအတာ တခုအထိ လျှော့ချနိုင်မည် ဖြစ်သည်။"
ရှင်းရှင်းလင်းလင်း ဖြစ်အောင် ထပ်မံတင်ပြပါမည်။ နိုင်ငံတခုတွင် လူအများအစု ဆင်းရဲမွေတေ နေပါက ဆင်းရဲမွဲတေမှု လျှော့ ချဖို့လိုသည်။ ထိုလူအများစုသည် လယ်ယာကိုင်းကျွန်း ခြံမြေ အပေါ် မှီတင်း နေထိုင်ရသည့် သူများဖြစ်ပါက လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အရင်လိုသည်ဟု ဆိုထားခြင်းဖြစ်သည်။ လူအများစု ဆင်းရဲတွင်း နက်ခြင်းအောက်၌ ရေရှည်နေထိုင်ရခြင်းဖြင့် တိုင်းပြည်တွင်းရှိ အခြားကဏ္ဍများကိုပါ တိုးတက်အောင် လုပ်ဖို့မလွယ်။ တိုးတက်လာဖို့ အတွက် ကာယကံရှင်များကို ထောင့်စုံမှ ကူညီပေးရမည်။ လယ်ယာမြေ တိုးတက်အောင်ဟု ဆိုကာ တပါးသူ လက်ထဲသို့ မြေများထိုးအပ် ခြင်းကို ဆိုလိုသည်မဟုတ်။
သို့သော် မြန်မာနိုင်ငံသည် လွတ်လပ်စွာ ပြောရေးဆိုခွင့် ရှိသော နိုင်ငံတခုမဟုတ်သောကြောင့် ခက်နေသည်။ ဘာပြော ပြော ဘာလုပ်လုပ် နေရာတကာ စစ်အမြင် စစ်ရှု့ထောင့်မှ ကြည့်နေသောကြောင့် ခက်နေရခြင်းလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်မှ လယ်မြေများ ဘင်္ဂလားဒက်ရှ် လက်ထဲသို့ အပ်သည်မှာ ပထမဆုံးကိစ္စ မဟုတ်သလို နောက်ဆုံးကိစ္စလည်း မဟုတ်ပါ။ အခြား ပြည်နယ်များတွင်လည်း ဒါမျိုးတွေ ကြုံနေကြရသည်။ လွတ်လပ်မှုနှင့် ဒီမိုကရေစီ မရှိသည့် အတွက်ဖြစ် သည်။ ထို့ကြောင့် ဒီမိုကရေစီ တိုက်ပွဲကိုလည်း တိုက်ရမည်။ ထို့အတူ ဆုံးရှုံးသွားသော လယ်ယာမြေများနှင့် ထိုမြေယာများ ပြန်လည် ပိုင်ဆိုင်ဖို့အတွက်လည်း တချိန်တည်း တိုက်ပွဲဝင်ရမည်။
စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးအတွက် ကျောင်းသားလူငယ်နှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်း များသာမက အားကောင်း သော လယ်သမား၊ ယာသမား၊ ခြံသမားများ တို့၏ အဖွဲ့အစည်းများလည်း မြန်မာနိုင်ငံတွင် ပေါ်ထွန်းဖို့ အထူး လိုအပ်နေသည်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၃ရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်
အက်ရှ်လေနှင့် မက်စ်ဝဲ၊ ဒေနင်းဂျား တို့၏ ရေးသားချက်များအား အကျယ်လေ့လာ လိုသူများအတွက် စာအုပ်ညွှန်း။
Ashley,C and Maxwell, S, 2001 "Rethinking Rural Development", Development Policy Review (December 2001).
Deininger, K, 2001 "Negotiated Land Reform as One Way of Land Access: Initial Expression from Columbia, Brazil and South Africa", in A de Janvry et al, eds, Access to Land, Rural Poverty and Public Action. UNU/WIDER and Oxford University Press.
Tuesday, October 14, 2008
မရှိထာထက် မသိတာခက်
Posted by ရွက်မွန် at 10:06 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment