အို
ဘားမား၊ အို ဘားမား..
တီဗွီမှန်သားပြင်ထဲမှာ မြင်နေရတဲ့ ကွင်းလုံးပြည့်လူအုပ်ကြီးက စိတ်လှုပ်ရှားတက်ကြွနေတယ်။ အမေရိကန်သမ္မတလောင်း အို ဘားမား အနိုင်ရပြီလို့ ကြေညာလိုက်တဲ့အခါ တခဲနက်သြဘာသံကြီးက ဟိန်းထွက်လာခဲ့တယ်။ မဲတွေရေတွက်နေချိန် ဒီမို ကရက်တစ်သမ္မတလောင်း အို ဘားမားက အနိုင်ရတော့မယ်လို့ သေချာလောက်တဲ့အချိန်မှာ ရီပတ်ဘလစ်ကန်ပါတီ ဖက်က သမ္မတလောင်း ယှဉ်ပြိုင်အရွေးခံသူ ဂျွန်မက်ကိန်းကလည်း သူ့ဖက်က သပြေခက်ကို ကမ်းခဲ့တယ်။ အခု ရွေးကောက်ပွဲမှာ လူထုတွေက အို ဘားမားကို ရွေးချယ်ခဲ့တာကို သူအသိအမှတ်ပြုကြောင်းနဲ့ သူ့အနေနဲ့ သမ္မတသစ်ရဲ့ နောက်မှာ သစ္စာရှိရှိ ဆက်လက်ရပ်တည်ပံ့ပိုးပေးပါမယ်ဆိုပြီး ကတိက၀တ်ပြုခဲ့တယ်။ သူရှုံးနိမ့်တာကို သူအသိအမှတ်ပြုခဲ့ သလို၊ တဖက်သားကို ရွေးချယ်ခဲ့တဲ့ လူထုဆန္ဒအပေါ်မှာလည်း တလေးတစား အသိအမှတ်ပြုခဲ့တယ်။
မြန်မာနိုင်ငံမှာလည်း စစ်အစိုးရက လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်လို့ ဆိုထားပြန်တယ်။ သည်တော့ မြန်မာနိုင်ငံက အမေရိကန်အခု ရွေးကောက်ပွဲကနေ သင်ခန်းစာယူစရာများ ရှိလေမလား ကျနော်စဉ်းစားကြည့် နေမိတယ်။ တွေးမိတာတော့ သင်ခန်းစာယူစရာတွေက အများသားပါ။
အရေးအကြီးဆုံးကတော့ ကိုယ့်အရှုံးကို အသိအမှတ်ပြုဖို့ပါပဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရတယ်။ စစ်တပ်က မှန်းထားတဲ့အတိုင်း အလိုကျမဟုတ်ဘဲ ရှုံးခဲ့တယ် ဆိုပါတော့။ ဒါပေမယ့် ဂျွန်မက်ကိန်းလို သဘောထားမကြီးနိုင်ဘူး။ လူထုဆန္ဒကို အသိအမှတ်ပြုလို့ ရွေးကောက် တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်နောက်က သစ္စာရှိရှိ လိုက်ပါမယ်လို့ ကတိမဆိုနိုင်ခဲ့ဘူး။ နောက်ဆုံး ကောက် ကောက်ကျစ်ကျစ် ဟိုကွေ့ သည် ရှောင်လာလိုက်တာ အခု ၂၀၁၀ မှာ နောက်ထပ် ရွေးကောက်ပွဲ ကျင်းပဦးမယ်ဆိုတာ တခါ ဖြစ်လာပြန်တယ်။
ဆိုပါစို့။ ၂၀၁၀ မှာ နောက်ထပ် ရွေးကောက်ပွဲ ဖြစ်တယ်ပဲထား။ စစ်အစိုးရအလိုကျ ဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဝင်ကြပြီပဲထား။ အခု အမေရိကန် ရွေးကောက်ပွဲကနေ သင်ခန်းစာယူစရာတွေလည်း ရှိနေပြန်သေးတယ်။
စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် သမ္မတစနစ် ဖြစ်နေပြီး အမေရိကန်မှာလိုပဲ သမ္မတကို လူထုက ကိုယ်တိုင် လူတကိုယ်-တမဲနှုန်းနဲ့ ရွေးချယ်တင်မြှောက်တာ မဟုတ်ဘူး။ သမ္မရွေးချယ်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်တာ ဖြစ်နေတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ သူ့သမိုင်းအရ အချို့သော ပြည်နယ်တွေဟာ နစ်နာဖွယ်အကြောင်းရှိလို့၊ ယခင်ပြည်တွင်းစစ်ကြောင့် ကျန်ခဲ့တဲ့ ထူးခြားတဲ့ သမိုင်းအမွေအရ၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အတွက် ဒီလိုသမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့ ရွေးချယ်တယ် ဆိုတယ်။ မြန်မာနိုင်ငံမှာကတော့ ဒီလိုစဉ်းစားချက်မဟုတ်ဘူး။ စစ်တပ် အာဏာမြဲရေးနဲ့ ဗိုလ်ကျစိုးမိုးရေးအတွက်သာ ဒီလိုဥပဒေပြုထားတာ ဖြစ်ပြန်တယ်။ တခါ သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့နဲ့ ပတ်သက်လို့လည်း ဖွဲ့စည်းပုံမှာ ရေးထားပုံက မရှင်းပြန်ဘူး။ ဝေေ၀၀ါးဝါးနိုင်လှတယ်။ လွှတ်တော် ၂ ရပ်ပေါင်း ကိုယ်စားလှယ် (စုစုပေါင်း) က ရွေးမှာလား။ သီးသန့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ထပ်ဖွဲ့မှာလား။ မသေချာပြန် ဘူး။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သမ္မတ အရွေးခံတော့မယ်ဆိုရင်တော့ အမေရိကန်မှာလို ကိုယ့်မျှော်မြင်ချက်တွေကို ပြောပြပြီး စကားစစ်ထိုးကြတာတော့ ကြားလိုလှတယ်။ အခု စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် လူဦးရေအရ မဲနဲ့ တက်လာမယ့် အောက်လွှတ်တော် ကိုယ်စားလှယ်ထဲက သမ္မတလောင်းတဦး ဖြစ်လာမယ်။ ပြည်နယ်/ တိုင်းဒေသကြီးတွေက မဲနဲ့တက် လာမယ့် အထက်လွှတ်တော်က သမ္မတလောင်းတဦး ရှိလာမယ်။ စစ်တပ်က လာမယ့် ကိုယ်စားလှယ်တွေထဲက သမ္မတ လောင်းတဦး ရှိလာမယ်။ အဲသည် ၃ ယောက်က အမေရိကန် အခုရွေးကောက်ပွဲမှာလို စကားစစ်ထိုးကြဖို့ မသင့်ဖူးလား။ သူသာ သမ္မတဖြစ်ခဲ့ရင် တိုင်းပြည်ကို ဘယ်လိုပြုပြင်လိုက်မယ်၊ ဘယ်လိုကောင်းအောင် ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတာမျိုး သူတို့ရဲ့ မျှော်မှန်းချက်တွေကို လူထုတွေကြားရဖို့ မသင့်ဖူးလား။ ဥပမာ- ကျနော်သာ သမ္မတဖြစ်ရင် မြန်မာပြည် ၂၄-နာရီ မီးလင်းစေရပါမည် ဆိုတာမျိုးပေါ့။ ဒါပေမယ့် မည်သို့ ပြုလိုက်သည်မသိ၊ သမ္မတအဖြစ် ရွေးကောက်ခံရ လေသတည်း ဆိုတာမျိုးတော့ မဖြစ်သင့်ဖူး ထင်ပါတယ်။
အကယ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က သမ္မတအဖြစ် အရွေးခံဖို့ ပြန်ပြီး စိတ်ကူးထားတယ် ထားဦး။ ဒါဆိုရင် လူထု ရှေ့မှောက် စကားပြောဆိုဖို့၊ စကားစစ်ထိုးပွဲမှာ ချက်ကျလက်ကျ ပိုင်ပိုင်ပြောဆိုနိုင်ဖို့ လေ့ကျင့်နေသင့်ပါပြီ။ နေပြည် တော်က၊ ကန့်လန့်ကာနောက်ကွယ်က လူထုမျက်ကွယ်က အုပ်ချုပ်တာမျိုးထက်စာရင် လူရှေ့ထွက်လာဖို့၊ လူထုကြားထဲ ကိုယ်တိုင် ကိုယ်ကျ လူလုံးပြစည်းရုံးဖို့ သတ္တိတွေကို လည်း မွေးရပါလိမ့်မယ်။ "အင်းဗျာ... ကျနော့်ကို ကိုယ်စားလှယ်တွေ က ရွေးလိုက် လို့သာ သမ္မတဖြစ်ရတာပါ" ဆိုရင်တော့ မနိပ်လှပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလမှာလည်း လူထုရှေ့မှောက် ထွက် စကား ပြောဆိုတာ မတွေ့ရဖူးတော့ အတော်သတ္တိမွေးရပါလိမ့်မယ်။
ဒါ့အပြင် အမေရိကန် ရွေးကောက်ပွဲမှာလို သတင်းမီဒီယာတွေရဲ့ ဟာကွက်ထောက်တာတွေကိုလည်း လုံအောင်ပြင်ဆင် ထားဖို့ လိုပါလိမ့်ဦးမယ်။ (လွတ်လပ်တဲ့ သတင်းမီဒီယာ ရှိရင်ပေါ့လေ)။ ဒီမိုကရက် သမ္မတလောင်း ဟေလာရီ ကလင်တန် က ကော်ဆိုဗိုဒေသခရီးကို လက်ဖြောင့်သေနတ်သမားတွေ ရန်ကြားက စွန့်စားသွားခဲ့ရတယ်ဆိုပြီး အကြွားလွန်တော့ မီဒီယာ တွေက ဖော်ကောင်လုပ်ကြတယ်။ ရီပတ်ဘလစ်ကန် ဒု-သမ္မတလောင်း ပိုင်လင်းမှာလည်း ၀တ်စုံတွေဝယ်တာ ကုန်ကျများ လွန်းချည့်လို့ သတင်းမီဒီယာတွေက ထောက်ကြပြန်တယ်။ အင်တာဗျူးအဖြေ တခုမှားရင် မှားသလို လူထု ထောက်ခံမှု ကလည်း အတက်အကျ ရှိနေပြန်တယ်။ သူတို့ရပ်တည်ချက်၊ နိုင်ငံရေး၊ လူမှုရေး စသဖြင့် အမေရိကန် ရွေးကောက်ပွဲမှာ သတင်း မီဒီယာတွေက အူမ ချေးခါး မကျန်လှန်လေ့ ရှိကြပါတယ်။ ငယ်ကျိုးငယ်နာတွေလည်း ဖော်လေ့ ရှိကြပါတယ်။
အကယ်၍ မြန်မာပြည်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိလာရင်လည်း ကောင်းလိမ့်မယ်။ "ဗိုလ်ချုပ်မှူးကြီးခင်ဗျား.. ဒီပဲယင်းမှာက အမိန့်ပေးလိုက်တာ ခင်ဗျားလား၊ ဒေါ်ကြိုင်ကြိုင်လား" " ဗိုလ်ချုပ်ကြီးသမီးရဲ့ စိန်တွေက ဘယ်က ၀င်ငွေနဲ့ ၀ယ်ပါသလဲ ခင်ဗျား"။ "ရွှေဝါရောင်တော်လှန်ရေးကို နှိမ်နင်းမှုမှာ ဗိုလ်ချုပ်ကြီးက တိုက်ရိုက် အမိန့်ပေးပါသလားခင်ဗျား" စသဖြင့် မေးခွန်းတွေလည်း ကြုံရနိုင်သေးတော့ ဗိုလ်ချုပ်ကြီးက အတော်ပြင်ထားရလိမ့်မယ်။
ဒါတင်မက မျှတတဲ့ ကစားပွဲရဲ့သဘော (fair play) နဲ့ အကယ်၍ ကိုယ်ရှုံးရင် သဘောထားကြီး လိုက်နာရမယ်ဆိုတာကို လည်း အမေရိကန်ရွေးကောက်ပွဲကနေ သင်ခန်းစာ ယူထားသင့်တယ်။ ဒါပေမယ့်လည်း မြန်မာပြည်မှာ ၂၀၁၀ ဖြစ်လာ မယ့် ရွေးကောက်ပွဲက အမေရိကန်ရွေးကောက်ပွဲနဲ့ အဆင့်အတန်း ဘယ်၍ဘယ်မျှ ကွာတယ်၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့် မည်၍ မည်မျှ ကွာတယ်၊ ဒီမိုကရေစီ အခွင့်အရေး မည်၍မည်မျှ ကွာတယ် ဆိုတာ လူတိုင်းသိထားကြပါတယ်။
အကယ်၍ မြန်မာစစ်ခေါင်းဆောင်တွေက အခု အမေရိကန်ရွေးကောက်ပွဲကနေ သင်ခန်းစာထုတ်ခဲ့သည်ထားဦး။ သူတို့ ယူတဲ့ သင်ခန်းစာက ကျနော်တွေးမိသလို မဟုတ်ဘဲ ပြောင်းပြန်ကြီးလည်း ဖြစ်နေနိုင်သေးတယ်ဆိုတာ တွေးမိတယ်။
အောင်သူငြိမ်း
၉ နိုဝင်ဘာ ၂၀၀၈။
Sunday, November 9, 2008
အမေရိကန်ရွေးကောက်ပွဲမှာ သင်ခန်းစာများရှိနိုင်မလား
Posted by ရွက်မွန် at 2:31 PM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment