ရွက်မွန်စာမျက်နှာ

Tuesday, June 30, 2009

ရှေးတုံးကလည်း ဝေဖန်ရေးရှိသည်

ကျ
နော်တို့ ငယ်ငယ်တုံးက လူကြီးများ မကြာခဏ ပြောပြဖူး၍ ကြားနေသိနေသော အကြောင်းအရာ တခုရှိသည်။ လူကြီးများက ရယ်စရာမောစရာ အဖြစ် သဘောထား၍ ပြောပြခြင်းလည်း ဖြစ်သည်။ ကျနော်တို့ ကလေးများလည်း သဘောကျမဆုံး တဝါးဝါး တဟားဟား ဖြစ်ခဲ့ရသည်။ တခြားတော့မဟုတ် ခင်ဦးဆရာတော်ဘုရားကြီး အကြောင်း ဖြစ်သည်။

ခင်ဦးဆိုတာ မြို့မကျတောမကျ အရပ်ဖြစ်သည်။ ထိုခင်ဦးဆိုသော အရပ်၌ အင်္ဂလိပ်ခေတ်တုံးဆီက နာမည်ကြီး ဆရာတော်ကြီး တပါးရှိခဲ့သည်။ လူအများက ခင်ဦးဆရာတော် ဘုရားကြီးဟုသာ အလွယ်ခေါ်ကြသည်။ ထိုခင်ဦး ဆရာတော် ဘုရားကြီးသည် စာပေကျမ်းဂန်နှံ့စပ် ကျွမ်းကျင်ကာ အကျင့်သီလနှင့် ပတ်သက်၍လည်း ပြောစရာမလိုသည့် အစွန်းအထင်း မရှိသည့် ဆရာ တော်တပါး ဖြစ်သည်။

သို့သော် ဆရာတော် ဘုရားကြီး၌ အားနည်းချက် တခုရှိနေသည်။ ထိုအားနည်းချက်ကတော့ တခြားမဟုတ် ဆရာတော် ဘုရား ကြီးသည် ဝက်သားဟင်း အလွန်ကြိုက်ခြင်းဖြစ်သည်။ ဝက်သားဟင်းကြိုက်တာ အားနည်းချက်လား ဟုတော့ မေးစရာရှိသည်။ သာမန်အားဖြင့် ဆိုလျှင်တော့ ဝက်သားဟင်း ကြိုက်တာနဲ့ အဲတာကို အားနည်းချက် တခုဟု ထူး၍ ပြောစရာ မရှိနိုင်ပါ။

ဒါပေမဲ့ အခြားသော ဆရာတော် သံဃာတော်များနှင့် အလှူများ ဆွမ်းကြွေးများတွင် အတူတူ ဆွမ်းဘုန်းပေးသော အခါများ၌ ဆွမ်းအတူစားနေသော ဘုန်းတော်ကြီးများ၏ မျက်စောင်းထိုးခြင်းကို ခံရသည်က နည်းနည်းတော့ ထူးနေသည်ဟု ဆိုနိုင်သည်။

တခြားတော့ မဟုတ် ခင်ဦးဆရာတော်ဘုရားကြီးက ဟင်းခွက်နှိုက်ရာတွင် အလွန်လက်သွက် သောကြောင့်ဖြစ်သည်။ အထူး သဖြင့် ဝက်သားဟင်းခွက်ထဲမှ ဝက်သားတုံးများကို ဇွန်းဖြင့်ခပ်ရာတွင် အခြားသော ဘုန်းတော်ကြီး များထက် မြန်မြန်နှင့် များများခပ်ယူ နိုင်သောကြောင့် ဖြစ်သည်။ ဝက်သားဟင်း လိုက်ရသည့် ဒကာများမှာလည်း လက်မလည်အောင် လိုက်ရသည်။ အတူတူ ဆွမ်းဘုန်းပေးနေသော တခြားကိုယ်တော်များမှာ ဝက်သားဟင်း ပန်းကန်တွင် တပ်ထားသော ဇွန်းကို ခင်ဦးဆရာ တော်နှင့် ပြိုင်၍ မလုနိုင်ကြ။ အကြောင်းကတော့ လူတွေရှေ့မှာ ဘုန်းကြီးအချင်းချင်း ဇွန်းလုရမှာကို ရှက်တာကြောင့်လည်း ဖြစ်နိုင်သည်။ ဘုန်းတော်ကြီးများ ဆွမ်းဘုန်းပေးနေစဉ် ဒကာတွေ ဒကာမတွေက ဆွမ်းစား စားပွဲဘေးမှ ဝိုင်း၍ကြည်ညို နေသည်ကလည်း မြန်မာ့ရိုးရာ ဓလေ့ထုံးစံ ဖြစ်နေတာကိုး။

တနေ့တော့ ရွာတရွာတွင် အလှူတခုရှိသည်။ ထုံးစံအတိုင်း ခင်ဦးဆရာတော် ဘုရားကြီး အပါအဝင် အခြားသော ဆရာတော် ကြီးများအား ပင့်ဖိတ်ထားသည်။ တရားမနာခင် ဘုန်းတော်ကြီးများကို အဦးဆုံး ဆွမ်းကပ်ကြသည်။ မြန်မာရွာများ၏ အလှူထုံးစံအတိုင်း ဝက်သားဟင်း တခွက်ကတော့ မပါမဖြစ် ပါရသည်။

စပြီးဆွမ်းဘုန်းပေးသည်နှင့် ခင်ဦးဆရာတော် ဘုရားကြီးသည် အစဉ်အလာမပျက် ဝက်သားဟင်းခွက်ကို သွက်လက် မြန်ဆန်စွာ နှိုက်၍ ဘုန်းပေးလေတော့သည်။ ကျန်သည့် ဆရာတော်ကြီးများကတော့ ခင်ဦးဆရာတော် ဘုရားကြီး၏ ဝသီကို သိထားတော်မူ၍ ဆရာတော်ကြီး ဇွန်းကိုအနားပေးမှ ဝက်သားဟင်းခွက်ကို နှိုက်ကြရသည်။ တကယ်တန်း ဆိုရပါက ဟင်းပန်းကန် ထဲတွင် ဝက်သားဟင်း မကုန်ခင် ဒကာများက အချိန်မီ ထပ်၍ဖြည့်နေ လိုက်နေသောကြောင့် ဝက်သားဟင်း ပြတ်သွားမှာကို ပူစရာလည်း မလိုပါ။

ဆရာတော်ကြီးများ ဆွမ်းဘုန်းပေးနေတာ အတော်ကလေး ရှိသွားသော အချိန်၌ အလှူမဏ္ဍပ်ထိပ်တွင် ချိတ်ထားသော လော်စပီကာမှ "ခင်ဦးဆရာတော်ဘုရားကြီး ... ဘုရား၊ ခင်ဦးဆရာတော်ဘုရားကြီး ... ဘုရား" ဆိုသည့် အသံကြီး ဟိန်း ထွက်လာလေသည်။

ခင်ဦးဆရာတော် ဘုရားကြီးလည်း ဆွမ်းဘုန်းပေးတာ ခေတ္တရပ်သွားသည်။ ဘာများ အရေးကြီးလို့ ပါလိမ့်ဆိုသည့် အတွေး ကြောင့်ဖြစ်သည်။ နောက်မှာ ကျန်ရစ်ခဲ့သည့် ကျောင်းမှာ မီးရေးထင်းရေး တခုခုများ ဖြစ်သလောဟုလည်း ဆရာတော်ကြီး အနေဖြင့် တွေးမိ၍ စိတ်ပူပန်မိသည်။

တောနယ်တွင် ပွဲများ အလှူများ ရှိနေစဉ် အရေးပေါ် ကြေငြာစရာများ ရှိပါက လော်စပီမှတဆင့် အော်လေ့ရှိသည်။ ဥပမာ အားဖြင့် "ဆရာကြီး ဦးလော ခင်ဗျား၊ ဆရာကြီး ဦးလော ပွဲခင်းထဲမှာ ရှိပါသလား ခင်ဗျာ။ ဆရာမကြီး ဒေါ်ခင်မေ မီးဖွားကာနီး ဗိုက်နာနေ၍ အိမ်ကို အမြန်ဆုံး ပြန်လာပါတဲ့"။ ဆရာကြီးကား မောင့်ကျက်သရေ ခေါင်းပေါင်းစဖြင့် မျက်နှာကိုကွယ်၍ ရှက်ရှက်နှင့် အိမ်ပြန်လစ်ရလေသည်။ အဲတာမျိုးတွေက တောနယ်တွေမှာ မဆန်း။ အလားတူပင် ဆရာတော်ကြီးမှာလည်း သူ့ကျောင်းတွင် တခုခုများ ဖြစ်သလောဟု စိုးရိမ်မှုကြောင့် ဆွမ်းစား တန့်သွားရခြင်း ဖြစ်သည်။

သည့်နောက် လော်စပီကာမှ ဆက်တိုက် ထွက်ပေါ်လာသည့် အသံကတော့ "ခင်ဦးဆရာတော်ဘုရားကြီး ... ဘုရား၊ ခင်ဦး ဆရာတော်ဘုရားကြီး ... ဘုရား၊ ဇွန်းချတော် မူပါဦးဘုရား" ဆိုသည့် အသံကြီး ဖြစ်လေတော့သည်။ ဆရာတော်ကား ရှက် လွန်း၍ ဆွမ်းကို ဆက်၍ ဘုန်းမပေးနိုင်။ အခြား ဆရာတော်များကတော့ ပြုံးစိစိနှင့်။ အလှူရှင် ဒကာသည်လည်း မျက်စေ့ မျက်နှာ အပျက်ပျက် ဖြစ်၍ မဏ္ဍပ်အပြင်ထွက်ခါ တရားခံ ရှာရလေသည်။ သို့သော် မိုက်ခွက်ကို ယူ၍အော်သည့် လူရွှတ် လူနောက် ကာလသားများကား ထွက်ပြေးသွားချေပြီ။

ငယ်ငယ်တုံးကတော့ သည်ဇတ်လမ်းကြားရတိုင်း ကျနော်တို့လို ကလေးများအတွက် ရယ်ရွှင်ဖွယ်လိုဖြစ်ခဲ့သည်။ သို့သော် သေသေချာချာ ပြန်ဆန်းစစ် ကြည့်မည်ဆိုပါက ခင်ဦးဆရာတော် ဘုရားကြီးအား ရွာမှ လူရွှတ်လူနောက် ကာလသား များက သူ့ခေတ်သူ့အခါ အခြေအနေအောက်၌ ဝေဖန်ထောက်ပြသည်ဟု ဆိုနိုင်သည်။ ဤသို့ ဝေဖန်ထောက်ပြခြင်းသည် ဆရာ တော်ဘုရားကြီးအား နစ်နာစေလို၍ မဟုတ်။ စာပေကျမ်းဂန်လည်း နှံ့စပ်ကျွမ်းကျင် အကျင့်သီလလည်း လုံခြုံသော ဆရာတော်ဘုရားကြီးအား လက်မြန်ခြေမြန် ဝက်သားဟင်းခွက် နှိုက်သော အလေ့တခုတည်းကြောင့် နောက်နောင်တွင် တခြားတပါးသော သူများ ထောက်ပြစရာ ဖြစ်မည်ကို ပြုပြင်စေလိုသော စေတနာဟု ယူဆနိုင်သည်။ ရဟန်းသံဃာတော် တပါးအနေဖြင့် ဝက်သားဟင်း အနှိုက်လွန်ခြင်းသည် မရှိသင့်သော အားနည်းချက် ဖြစ်ကြောင်း ဆရာတော်ကြီး သတိထား မိ၍ သိစေလိုဟန်လည်း ရှိပေလိမ့်မည်။

ဆိုရပါက ရှေးတုံးက ခင်ဦးဆရာတော်ဘုရားကြီးလို သြဇာကြီးသော တန်ခိုးကြီးသော ဆရာတော်ကြီးတပါးအား ဝေဖန် ထောက်ပြရန် သာမန်အားဖြင့် ဆိုရပါက ဘယ်ရွာသား လုပ်ဝံ့ပါမည်နည်း။ သို့သော်လည်း အမြင်မတော်တာ များလာသော အခါ အကျင့်သီလကောင်း၍ စာပေကျမ်းဂန် နှံ့စပ်သော ဆရာတော်ကြီးသည်ပင်လျှင် အဝေဖန် ခံရဖူးသည်ကို တွေ့ရသည်။

သည်ခေတ်မှာလည်း ကျနော်တို့ အနေဖြင့် ပြောစရာရှိသည်များ ထောက်ပြစရာရှိသည်များ ဝေဖန်စရာ ရှိသည်များကို အပြုသဘောဖြင့် ပွင့်ပွင့်လင်းလင်း ပြောသင့်သည်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသော ခေါင်းဆောင် ကြီးငယ်လတ် များကိုလည်း ဝေဖန်ထောက်ပြဖို့ လိုသည့်အခါတိုင်း တုံ့ဆိုင်းမနေဘဲ အပြုသဘောဖြင့် ဝေဖန်ဖို့ လိုပါသည်။ (အာဏာရှင်များကတော့ ဘယ်လိုပြောပြော အာဏာကို လက်မလွှတ်လိုသည့် ငို့ဘသမားများ ဖြစ်ကြောင်း လူတိုင်း သိနေ၍ အကျယ်မပြောလိုပါ)

အဝေဖန်ခံရသည့် ခေါင်းဆောင် ကြီးငယ်လတ်များကလည်း သင်းတို့က ဘာမို့လို့ ဒို့ကိုဝေဖန် ရသနည်း၊ ငါဒို့က ရင်းပြီး တိုက်ပွဲဝင်နေသူများဖြစ်သည်၊ သင်းတို့သတ္တိရှိရင် ဒို့လိုတိုက်ပါလားဟု မာနမထားသင့်ပေ။ တိုက်ပွဲမဝင်သည့် သာမန် လူ တွေက ငါတို့လို တိုက်ပွဲဝင် နေသူတွေကို ဝေဖန်ခွင့်မရှိဟု မမြင်သင့် မယူဆသင့်။ အမြင်မတော်တာ တွေ့ပါက အဝေဖန် ခံရလိမ့်မည် ဟူသည့် အသိစိတ်ကို ရင်ဝယ်ပိုက်ထား ဖို့လိုသည်။

ခေါင်းဆောင်တယောက် မသင့်တော်တာ လုပ်နေတာကို တွေ့ပါက သည်လို အင်တာနက် မီဒီယာ ခေတ်ကြီးတွင် သာ၍ ဝေဖန် ထောက်ပြခြင်းကို ခံရလိမ့်မည်။ အလကားနေရင်း ထိုင်ဆဲနေသူများကို မဆိုလိုပါ။ အထူးသဖြင့် စစ်အာဏာရှင် စနစ်ကို ဖယ်ရှားဖို့ ဆောင်ရွက်နေသည့် ကာလတွင် စစ်အာဏာရှင်တို့နှင့် အရာရာတိုင်းတွင် ပြိုင်ဆိုင်နေရသည်ကို မမေ့သင့်။ ခေါင်းဆောင် အဆင့်ဆင့်တိုင်းသည် ကိုယ်ကျင့်သီလ၊ အနစ်နာခံမှု၊ အတတ်ပညာ၊ အသိပညာ၊ တရားမျှတမှု၊ သည်းခံစိတ်နှင့် သဘောထားကြီးမှုတို့ သက်လုံကောင်းစေရန် အထူးလိုအပ်သည်။

အကျင့်သီလဖြင့် ပြည့်စုံ၍ စာပေကျမ်းဂန် ကျွမ်းကျင်သော သာသနာ့အာဇာနည် တပါးဖြစ်သူ ခင်ဦးဆရာတော် ဘုရားကြီး သည်ပင်လျှင် ဝက်သားဟင်း အကြိုက်လွန်သောကြောင့် ဇွန်းချပါဦးဟု တောသားများ၏ ဝေဖန်ခြင်းကို ခံခဲ့ရဘူးသည်ကို မမေ့သင့်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၉ ရက် ဇွန်လ ၂ဝဝ၉ ခုနှစ်

2 comments:

Rita said...

သိသမျှ အနည်းအကျဉ်းကတော့ ဟိုခေါင်းဆောင်ကြီးများနှင့် ဒီခေါင်းဆောင်ကြီးများ အာဏာလက်ဝယ် ရှိခြင်းနှင့် မရှိခြင်းသာ ကွာခြားပါသည်။ သဘောတရားရေးရာ ဘာမှ ကွာခြားသည် မထင်ပါ။

သူပုန် မဖြစ်ဖူးဘဲ သူပုန်ကို လာမဝေဖန်နဲ့။ ဂစ်တာမတီးဖူးဘဲ ဂစ်တာသမား လာမဝေဖန်နဲ့ ဆိုတာမျိုးချည်းပဲ။ မှားနေရင် ပြောပါဆိုတော့လည်း ပိတ်ပြီး ငြိမ်နေပြန်ရော...

သူပြောမယ့် သဘောတရားတွေကပဲ ပြည်သူလူထု ဉာဏ်မမီအောင် မြင့်မားနေသလိုလို
ကိုယ်တွေ့မှပဲ သိရတော့မလိုလို
အလွန်တရာမှ နားလည်ရခက်လောက်ပါသော ပရလောကမှ အတွေ့အကြုံများလိုလို... ဆိတ်ဆိတ်နေ သည်းခံခြင်းဖြင့် မြင့်မြတ်လိုက်သလိုလို...
လိုလို လိုလို တွေပါပဲ တွေ့နေရတာပါပဲလေ။

အနည်းအကျဉ်းကိုသာ ဆိုလိုပါသည်။ အများကြီးလည်း မတွေ့ဖူးပါ။ စိတ်လဲ မ၀င်စားပါ။ မတော်တဆ တွေ့မိလို့ ပြောကြည့်မိရင်ပဲ စိတ်ကုန်ရလောက်ပါသည်။

အားကိုးလေးစားရလောက်ပါသော ခေါင်းဆောင်ကြီးများနှင့် မသေခင်တော့ ဆုံချင်ပါသေး။

မဆုံရလည်း ဘာမှတော့ ထူး မထင်ပါလေ။

Rita said...

ရေးမိတဲ့ ကိုယ့်ဘာသာတောင်မှ ပြန်၍ စိတ်ကုန်မိပါသည်။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.