ရွက်မွန်စာမျက်နှာ

Thursday, February 11, 2010

ခါးသီးမှု နာကျည်းမှုတို့ ဘယ်ကိုသွားမလဲ

ဟို
တုန်းက ဆန်းထွန်း (မန်းတက္ကသိုလ်) ဆိုတဲ စာရေးဆရာကြီး တဦးရှိခဲ့ပါတယ်။ မြန်မာစာပေလောကမှာ ထင်ရှားခဲ့သူ များထဲက တဦးလည်း ဖြစ်ပါတယ်။ ဆန်းထွန်း (မန်းတက္ကသိုလ်) ဟာ သူ့ကလောင်နာမည် နောက်မှာ မန်းတက္ကသိုလ် ဆိုတာကို တပ်ထားပေမဲ့ ခေတ်ပညာရေးအရ သတ်မှတ်ထားတဲ့ ဘီအေ၊ အမ်အေ စတဲ့ဘွဲ့များ မရရှိခဲ့ပါဘူး။ ပြောရရင် ဘုန်းကြီးလူထွက် တဦးသာ ဖြစ်ပါတယ်။ သို့သော် မြန်မာစာနဲ့ ပတ်သက်ရင် အလွန်ထူးချွန်သူ တဦးဖြစ်တဲ့ အတွက် မန္တလေး တက္ကသိုလ်မှာ ကျောင်းသားတွေကို မြန်မာစာ ပို့ချပေးဖို့ တက္ကသိုလ်ဆရာ အလုပ်ကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ် မှာလည်း မြန်မာစာပို့ချ သင်ကြား ခဲ့ပါတယ်။ စာရေးတော့ ဆန်းထွန်း (မန်းတက္ကသိုလ်) ဆိုတဲ့ ကလောင် အမည်နဲ့ စာများရေးသားခဲ့ပါတယ်။ တချိန်တည်းမှာလည်း လူ့ဂွစာလို့ နာမည်ကျော်ပါ သေးတယ်။

သူကိုယ်တိုင်ရေးတဲ့ သူကိုရင်ဘဝတုန်းက အကြောင်းအရာတခုကို မဂ္ဂဇင်း တခုမှာ ၁၉၈၂ လောက်တုန်းကလို့ ထင်ပါ တယ်။ အဲတာကို ဖတ်လိုက်ရပါတယ်။ လူငယ် လူလတ် လူကြီးအားလုံး အတုယူသင့်တယ်ထင်လို့ မှတ်မိ သလောက် ပြန်ပြီးမျှဝေ လိုက်ပါတယ်။ သူငယ်ငယ်တုန်းက ကိုရင်ဘဝမှာ မန္တလေးကို ရောက်လာပါတယ်။ မန္တလေးက စာသင်တိုက် တခုမှာ နေထိုင်ရင်း စာလိုက်ရပါတယ်။ တနေ့တော့ သင်္ကန်းတစုံလောက် ဝယ်ဖို့ဆိုပြီး အိမ်တော်ရာဘုရားနဲ့ ဆက်နေတဲ့ ဆင်တံတားဆိုတဲ့ ရပ်ကွက်က သင်္ကန်းပရိက္ခရာ ရောင်းတဲ့ အတန်းကို သွား ပါတယ်။ ဒါနဲ့ သင်္ကန်းဆိုင် တဆိုင်ရှေ့မှာ မတ်တပ်ရပ်နေရင်း သင်္ကန်းဆိုင်ပိုင်ရှင် အဖွားကြီးကို သင်္ကန်း တစုံ လောက် ဝယ်ချင်လို့ သင်္ကန်းတွေ ကြည့်ပါရစေလို့ ပြောလိုက်ပါတယ်။

အဲလို ပြောလိုက်တော့ သင်္ကန်းဆိုင်ပိုင်ရှင် အဖွားကြီးက သူ့ကိုတချက် အကဲခတ်လိုက်ပြီး "ကိုရင် ဘယ်စာမွေးပွဲ တွေ အောင်ပြီးပြီလဲ" လို့ မေးခွန်းထုတ်ပါတယ်။ အဲတော့ ကိုရင်က "စာလိုက်နေတုန်းပါ။ ဘယ်စာမွေးပွဲမှ မအောင်သေးပါဘူး" လို့ ပြန်ဖြေပါတယ်။ သူအဲသလိုလဲ ပြောရော ဆိုင်ရှင်အဖွားကြီးက "ဘယ်စာမေးပွဲမှ မအောင်သေးရင် တပည့်တော်မ ကိုရင့်ကို သင်္ကန်း မရောင်းနိုင်ဘူး" ဆိုပြီး လုပ်သတဲ့။ ဆန်းထွန်း (မန်း တက္ကသိုလ်) အလောင်းအလျာ ကိုရင်ဟာ ဆိုင်ရှင်အဖွားကြီးရဲ့ အဖြေကြောင့် ဒေါသဖြစ်လိုက်တာ ဆတ်ဆတ်ကို တုန်သွားတာပါဘဲ။ သင်္ကန်းကို အလကား လာအလှူခံတာလဲမဟုတ် ပိုက်ဆံပေးပြီး ဝယ်ပါမယ်လို့ ပြောတာ တောင် သူ့ကိုအဲလို ပြောရမလားဆိုတဲ့ ခံစားချက် ကြောင့်ပါ။ ဒါပေမဲ့ ဆိုင်ရှင်အဖွားကြီးက"ကိုရင် စာမေးပွဲ အောင်ရင် တပည့်တော်မ ဆိုင်ကို ပြန်လာခဲ့။ ကိုရင့်ဆီက ပိုက်ဆံမယူဘူး။ ကိုရင့်ကို တပည့်တော်မ သင်္ကန်း တစုံ လှူမယ်" လို့ဆက်ပြော လိုက်တယ်။ တခြား သင်္ကန်းဆိုင်တွေ ဆင်တံတားတန်းမှာ အများအပြား ရှိပေမဲ့ ကိုရင်ဟာ ဒေါသလည်းထွက် ရှက်လည်းရှက်တော့ ဘယ်သင်္ကန်းဆိုင်ကိုမှ မဝင်တော့ဘဲ ကျောင်းကို တန်းပြန်လာခဲ့တယ်။ စိတ်ထဲမှာလည်း ဒီမိန်းမကြီး တနေ့ကျ ငါ့အကြောင်းသိမယ်ဆိုပြီး ကြိမ်းဝါးမိသေးတယ်။ ကိုရင့်အနေနဲ့ ဒေါသထွက်မယ်ဆိုလည်း ထွက်ထိုက်ပါတယ်။ သင်္ကန်းဆိုင်ဆိုတာ စီးပွါးရေး လုပ်ငန်းတခုဘဲ။ သင်္ကန်းကို ပိုက်ဆံနဲ့ ရောင်းတာမို့လား။ စားမေးပွဲ အောင်မှရောင်းပေးမယ် စားမေးပွဲမအောင်သေးရင် မရောင်းဘူးလို့ သတ်မှတ်ထားတာမှ မဟုတ်တာကိုး။

နောက်ခြောက်လဆိုလား ဆယ်လလောက် ရှိတော့ဆိုလား ကိုရင်ဟာ ပထမဆုံး သူဖြေရတဲ့ စာမေးပွဲကို အောင်သွားခဲ့ တယ်။ ဒါနဲ့ ဆင်တံတားက အဲဒီသင်္ကန်းဆိုင်ကို ပြန်သွားပြီး ဆိုင်ရှေ့မှာ မတ်တပ်ရပ်ပြီး လူလုံးပြလိုက်တယ်။ အဖွားကြီးက "ဘာလဲ ကိုရင်" လို့ မေးလိုက်တော့ ကိုရင်က "တကာမကြီး ကျုပ်စာမေးပွဲ အောင်သွားပြီ။ အဲတာ လာပြောတာလို့" ပြန်ဖြေလိုက်တယ်။ ဆိုင်ရှင် အဖွားကြီးက ကိုရင့်ကို မှတ်မိတယ်။ ကိုရင့်ကို ဆိုင်ပေါ်က ခုံပုလေးပေါ်မှာ အထိုင်ခိုင်းပြီး ရှိခိုးရင်း သင်္ကန်းတစုံ ကိုရင့်ကို လှူလိုက်တယ်။ ဆရာကြီး ဆန်းထွန်းက သူ့ဆောင်းပါးထဲမှာ အဲဒီကိစ္စကို အခုလိုပြန်ပြီး မှတ်ချက်ချပါတယ်။ သင်္ကန်းဆိုင် ပိုင်ရှင် အဖွားကြီးက အဲသည့်ခေတ်တုန်းက လတ်ယားလတ်ယား လုပ်နေတဲ့ ကိုရင်တွေကိုလည်း မြင်ဖူးဟန်ရှိတော့ သူ့ကိုလည်း အဲသလိုမှတ်ပြီး ပညာစမ်း လိုက်တာလို့ ထင်ကြောင်း ပြောပါတယ်။ မခံချင်စိတ်နဲ့ ကြိုးစားတော့ စာမေးပွဲလည်း အောင်ခဲ့ပါတယ်။ သူနဲနဲကြီးလာတော့ ဒီကိစ္စကို သဘောပေါက်လာ ပါတယ်တဲ့။ အဖွားကြီးသူ့ကို ပြောတဲ့အပြောက စိန်ခေါ်မှု တမျိုးလို့ ဆိုနိုင်ပါတယ်။ အဖွားကြီး ပြောလိုက်လို့ ခံစားရတဲ့ ဒေါသထွက်မှု ခါးသီးမှု စိတ်နာကျည်းမှုတွေဟာ စာလိုက်နေတဲ့ ကိုရင်ကို တဖက်မှာ တွန်းအားအဖြစ် ပြောင်းလဲသွားခဲ့ပြီး စာပိုကြိုးစားဖို့ ဖြစ်လာရတယ်လို့ ဆိုလိုတာပါ။ တကယ်လို့ အဖွားကြီးကို စိတ်နာတဲ့ ခါးသီးမှုသက်သက်ကို စိတ်ထဲမှာ မွေးထားပြီး တနုံ့နုံ့နဲ့ခံစားနေရင် စာကြိုးစားဖို့ တွန်းအားသဘောမျိုး ဖြစ်မလာတော့ဘဲ အဲသည့် ခါးသီးမှုဟာ ကာယကံ ရှင်ကိုဘဲ နောင်မှာအကျိုးယုတ် စေတယ်လို့ ဆိုလိုချင်တာပါ။ ဒါ့ကြောင့် သူကြီးပြင်းလာတော့ အဲသည့် သင်္ကန်းဆိုင်ပိုင်ရှင် အဖွားကြီးကို သူ့ရဲ့ကျေးဇူးရှင်အဖြစ် မှတ်ယူတယ်လို့ ဆိုပါတယ်။

နောက်တခုကတော့ ဒီဇတ်လမ်းနဲ့ တိုက်ရိုက်မဟုတ်သော်လည်း ဆင်ဆင်တူတဲ့ အဖြစ်အပျက် တခုပါ။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါစ ဂျပန်တွေ စစ်ရှုံးသွားတဲ့ အချိန်မှာ ဖြစ်ခဲ့တာပါ။ ဒါကဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖြစ် အပျက်ပါ။ မိတ္ထီလာမှာ စခန်းချနေတဲ့ မဟာမိတ် စစ်ခေါင်းဆောင် တဦးဖြစ်သူ ဗြိတိသျှ ဗိုလ်ချုပ် ဝီလီယမ် စလင်းကို ဗိုလ်ချုပ် အောင်ဆန်း သွားတွေ့တုန်းက ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ် အောင်ဆန်းက ဗိုလ်ချုပ်စလင်းရဲ့ ရုံးထဲကို ဝင်လာတဲ့ အခါမှာ စစ်ပြီး ခါစလေးပါ။ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်စစ်ယူနီဖေါင်း ဝတ်ထားပြီး ခါးမှာ လည်း ဂျပန်ဓါးရှည်ကြီး ချိတ်ထားတယ်လို့ ဆိုပါတယ်။ စစ်ပြီးစဆိုတော့ တခြားအစားထိုး ဝတ်ဖို့ ယူနီဖေါင်း တွေလည်း မရှိသေးလို့ မသတ်မှတ်ရ သေးလို့ ဖြစ်ပါလိမ့် မယ်။ အစောင့် အင်္ဂလိပ်စစ်သားတွေက ဂျပန်တွေ လက်နက်ချပြီးမှ ဒီဂျပန်စစ်ဗိုလ် ဘယ်ကနေ ပေါ်လာတာလဲလို့ ယုံထင်ကြောင်ထင် ဖြစ်ပြီး စစ်လားဆေးလား ဖြစ်ပါသေးတယ်။ ထားပါတော့။

ဗိုလ်ချုပ်စလင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ရှေ့ရှောက် မြန်မာ့နိုင်ငံရေးကို ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတာမျိုး ဆွေးနွေးကြ ပါတယ်တဲ့။ ဆွေးနွေးကြတဲ့ အထဲမှာ နောင်မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ် အုပ်ချုပ်ရေး စနစ် စတာတွေလည်း ပါပါလိမ့်မယ်။ ပါလီမန် ဒီမိုကရေစီ ပုံစံနဲ့ သွားမဲ့ အကြောင်းအရာတွေလည်း ပါမှာကတော့ သေချာပါတယ်။ တခြားနိုင်ငံရေး အကြောင်း အရာတွေလည်း ပါမှာပါ။ အဲဒီနေရာမှာ အဲသလိုပြောဆို ဆွေးနွေးနေရင်းကနေ ဗိုလ်ချုပ်စလင်းက ဂျပန်စစ်ယူနီဖေါင်း ဝတ်ထားဆဲ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို စေ့စေ့ကြည့်ပြီး " Aung San, you can not be a politician and a General at the same time." လို့ ပြောပါတယ်။ ဆိုလိုတာကတော့ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုရင် အရပ်သား နိုင်ငံရေးခေါင်းဆောင်နဲ့ ဗိုလ်ချုပ်ရာထူးကို တချိန်တည်း တပြိုင်တည်း ယူထားလို့ မရဘူးဆိုတာကို ပြောတာပါ။

စိတ်နာကျည်းမှု ခါးသီးမှုနဲ့ တိုင်းတာပြီး ပြောရမယ်ဆိုရင် အင်္ဂလိပ် ဆိုတာ ရန်သူဟောင်းပါ။ ရန်သူဟောင်းမှ လတ်လတ် ဆတ်ဆတ်ကြီး ရှိပါသေးတယ်။ အမျိုးချစ်စိတ်ကို ရှေ့ကတည်ထားပြီး ပြောရမယ်ဆိုရင် ကိုယ့် တိုင်းပြည်က ဘုရင်ကို နန်းချပြီး နယ်ချဲ့အုပ်ချုပ် ခဲ့တာပါ။ တိုင်းပြည်ရဲ့ သယံဇာတတွေကိုလည်း နှစ်ပေါင်းများစွာ ဂုတ်သွေးစုတ် အမြတ်ထုတ်ခဲ့ ပါတယ်။ အဲသလို ကိုလိုနီလုပ် နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်ကို တိုက်ထုတ်ဖို့ အတွက် ဖက်ဆစ်ဂျပန် နဲ့တောင် ပေါင်းခဲ့ရသေးတာပဲ။ တိုင်းပြည်အုပ်ချုပ်တဲ့ နေရာမှာ သူတို့ပြောတိုင်း လိုက် လုပ်ရမှာလား။ သူတို့ အင်္ဂလန်က ပါလီမန် ဒီမိုကရေစီ စနစ်က ဘာ့ကြောင့် ဘယ်လောက်များ ကောင်းလို့ မြန်မာတွေက အတုယူရမှာလဲ။ ကိုယ်က မကြာခင် လွတ်လပ်ရေး ရတော့မှာ ဆိုတာကလည်း သေချာပေါက် နီးပါး တွက်လို့ရနေပြီ။ ခင်ဗျားတို့ အင်္ဂလိပ်တွေ ဝင်မရှုတ်နဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ့်စိတ်ကြိုက် အုပ်ချုပ်မှာပဲလို့ ပြောမယ်ဆိုရင် ပြောလို့ ရပါတယ်။ ဒါမှမဟုတ်လည်း သင်းတို့ ငါတို့မြေကြီး ပေါ်ကနေ ထွက်မသွားခင် အရှိန်အဝါ ရှိနေဆဲမို့ သူတို့ပြောသလို တိုက်တွန်းသလို ခဏတော့ လုပ်လိုက်မယ်။ သူတို့ထွက်သွားတာနဲ့ ငါတို့တိုင်းပြည်ကို ငါတို့ကြိုက်တဲ့ စနစ်နဲ့ အုပ်ချုပ်မယ် ဆိုပြီး တေးထားလည်း ရတာပါပဲ။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲသလို မလုပ်ခဲ့ပါဘူး။ ပါလီမန်ဒီမိုကရေစီ စနစ်နဲ့ သွားမယ်ဆိုတာကို ဆုံးဖြတ် ထားတဲ့ အတွက် တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့စည်းဖို့ ရွေးကောက်ပွဲဝင်တဲ့အခါမှာ ဗိုလ်ချုပ်ဟာ အရပ်သား ဖြစ်နေပါပြီ။ စစ်တပ် ကနေ ဗိုလ်ချုပ်ရာထူး ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကနေ ဦးအောင်ဆန်း ဖြစ်နေပါပြီ။ အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့သူတွေကို စိတ်နာကျည်းတာနဲ့ ခါးသီးတာနဲ့ သူတို့နဲ့ မတူပြီးရော ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ စိတ်မျိုး ကို ဗိုလ်ချုပ်အောင်ဆန်းက ဦးစားမပေးခဲ့ပါဘူး။ ဒါဟာ နှောင်းလူတွေအတွက် သင်ခန်းစာယူဖို့ အလွန်ကောင်းပါတယ်။

ခါးသီးမှု နာကျည်းမှုတွေ ဆိုတာ အိမ်ထောင်စုအတွင်း၊ ဆွေမျိုးစုအတွင်း၊ အဖွဲ့အစည်းအတွင်း၊ တော်လှန်ရေး အတွင်း၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတခု အတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိကြပါတယ်။ ရှိနေတတ်ပါတယ်။ ဒီခါးသီးမှု နားကျည်းမှုတွေဟာ လုံးလုံးပျောက် မသွားဘဲ စိတ်ထဲမှာတော့ အနဲနဲ့အများ ကျန်ရှိနေတာကလည်း သဘာဝပါ။ သို့သော် အဆိုပါ ခါးသီးမှု နားကျည်းမှုတွေကို တနုံ့နုံ့ ခံစားပြီး ဒေါသအမျက် ထွက်နေတာထက် အလုပ်တခု လုပ်နိုင်ဖို့ တွန်းအားအဖြစ် အသွင် ပြောင်းလဲ စေတာက ပိုလို့ အကျိုးရှိပါတယ်။ ဘာသာရေး သဘောနဲ့ ပြော ရရင်တော့ ခါးသီးမှုတွေ နာကျည်းမှုတွေကို ရှိရင် ရှိတယ်လို့ သဘောထား အဲသည့်နောက်ကိုတော့ မလိုက်နဲ့ ဆိုတဲ့ သဘောပါ။ အဲသည့်နောက်ကို လိုက်မိရင်တော့ လိုက်မိတဲ့သူသာ အကျိုးယုတ်စေပါတယ်။

အခုလို တင်ပြတာက အမှားလုပ်နေတဲ့ သူတွေကို ထောက်မပြတော့ဘူးလား၊ အပြစ်ကျူးလွန်ခဲ့သူတွေကို အရေးယူ အပြစ်မပေးတော့ဘူးလား၊ ကျေအေးခိုင်းတာလား ဆိုတဲ့ သဘောမျိုးမဟုတ်ပါ။ အမှားလုပ်ခဲ့သူတွေ လုပ်နေသူတွေလည်း သက်ဆိုင်သလို အချိန်အခါ အခြေအနေအရ တနေ့ ဒါတွေကို ပြန်လည်ပေးဆပ် ရမှာပါ။ ဆိုလိုတာက တချိန်တုန်းက အကြောင်းကြောင်းကြောင့် ရင်ထဲမှာ စိတ်ထဲမှာ ရလာခဲ့တဲ့ ခါးသီးမှုတွေ နာကျည်း မှုတွေ နောက်ကိုပဲ ကောက်ကောက် ပါအောင် လိုက်နေရင် ကာယကံရှင် အတွက် လုပ်သင့်လုပ်ထိုက်တာတွေ ရှေ့မှာဆက်မလုပ်နိုင်ဘဲ ဖြစ်နေရင် အကျိုးမရှိ နိုင်ဘူးလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒီနှစ်ခုဟာ သီးခြားစီ ဖြစ် တည်နေတယ် ဆိုတာကို ထောက်ပြလိုရင်းပါ။ အဲတာကို သဘောပေါက်ရင် အားလုံးအတွက် အကျိုးရှိ ပါလိမ့်မယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၁ဝ ရက် ဖေဖဝါရီလ ၂ဝ၁ဝ ခုနှစ်

1 comment:

thant said...

ko zay min
thanks.but we can not change everything or everyone.
sincery
thant sin

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.