ရွက်မွန်စာမျက်နှာ

Friday, January 14, 2011

ပြည်သူ့စစ်မှုထမ်းဥပဒေကို စီးပွားရေးအမြင်နဲ့ ကြည့်ခြင်း

ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်လာတယ်။ တရားဝင်သတင်းစာတွေမှာ ထုတ်ပြန်ကြေညာထားတာ မဟုတ်သေး ပေမယ့် အတည်နီးပါး အစိုးရပြန်တမ်းဂေဇက်က သတင်းမီဒီယာတွေအပေါ် ပေါက်ကြားလာတယ်။ ချင်းမိုင် တက္ကသိုလ်ကမှ တလောက စီးပွားရေးပညာ မဟာဘွဲ့ရထားတဲ့ ကျနော့်မိတ်ဆွေညီငယ် တယောက်က ပြောလာတယ်။ ၃- ရက်လောက် တွေးပူပြီး အိပ်မပျော်ဖြစ်သွားတယ်လို့ ဆိုတယ်။ သူသာ စစ်တပ်ထဲ ၂-နှစ် သွားနေရရင် ဘာဆက်လုပ်ရပါ့ဆိုပြီး တွေးပူမိ တဲ့ အကြောင်းပါ။ ကျနော်ကတော့ သူပြောတာကို စီးပွားရေး ပညာသဘောနဲ့ အခွင့်အလမ်းအတွက် ပေးရတဲ့တန်ဖိုး (Opportunity cost) ကို ပြောတာလို့ သဘောပေါက် လိုက်ပါတယ်။

စီးပွားရေးပညာမှာ အခွင့်အလမ်းတခုအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုး (Opportunity cost) ဆိုတာ ရှိပါ တယ်။ ဒီလို စဉ်းစားချက်ကို မူဝါဒချမှတ်ရာ နေရာအတော်များများမှာ အသုံးပြု ထည့်သွင်းစဉ်းစားလေ့ ရှိပါ တယ်။ စီးပွားရေးပညာ သဘောမှာ အရင်းအမြစ် (Resources) တွေက အကန့်အသတ်ရှိပါတယ်။ ရှားပါး ပါတယ်။ အဲဒီတော့ ရှားပါးနေတဲ့ အရင်း အမြစ်တွေကို အကောင်းဆုံးဘယ်လိုနေရာချမယ်ဆိုတာက စဉ်းစားရ တာက စီးပွားရေးပညာသဘောပါ။ (Opportunity cost) ပေးဆပ်လိုက်ရတဲ့ အခွင့်အလမ်း တန်ဖိုးဆိုတာကို ဒီလို အဓိပ္ပါယ်ဖွင့်ကြပါတယ်။

Opportunity cost is the cost related to the next-best choice available to someone who has picked among several mutually exclusive choices. (တခုယူရင် တခုမရတော့ဘူးဆိုတဲ့ ရွေးချယ်စရာနည်းလမ်း တွေကြားထဲမှာ ကိုယ်က တခုခုကို ရွေးချယ်လိုက်တဲ့အခါ ကျန်တဲ့၊ လက်လွတ်သွားတဲ့ တခြားအကောင်းဆုံး ရွေးချယ်စရာ အခွင့်အလမ်း တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီသဘောကို နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန်စတော့ မေးလ် (John Staurt Mill) က စတင် ဆွေးနွေးခဲ့တယ်လို့လည်း ဆိုကြပါတယ်။

တကယ်ကတော့ စီးပွားရေးပညာဆိုတာ ရှားပါးမှု (scarcity) နဲ့ ရွေးချယ်မှု (choice) ကြားထဲက အခြေခံ ဆက်ဆံရေး တခုသာ ဖြစ်ပါတယ်။ အဲဒီတော့ ရှားပါးလှတဲ့ အရင်းအမြစ်ကို ဘယ်လိုအကောင်းဆုံး ထိရောက် အောင်၊ အကျိုးရှိအောင် စဉ်းစား အသုံးချကြဖို့ ရည်ညွှန်းတာ ဖြစ်ပါတယ်။ ပေးလိုက်ရမယ့်တန်ဖိုးရယ်၊ ပြန်ရလာမယ့် ရလဒ်ရယ်ကို တွက်ချကြရ တာ ဖြစ်ပါတယ်။ ပိုရှင်းအောင် ဥပမာတွေနဲ့ ရှင်းပြချင်ပါတယ်။

(၁၀) တန်းအောင်ပြီးတဲ့ ကျောင်းသားတယောက်က ကျောင်းနားပြီးတော့ အလုပ်လုပ်မယ်။ ဒါမှမဟုတ် တက္ကသိုလ် ကောလိပ် ဆက်တက်မယ်ဆိုတဲ့ ရွေးချယ်မှုလုပ်ရဖို့ ဖြစ်လာပါတယ်။ သူက အလုပ်ထွက်လုပ် ရင်တော့ သေချာတာက ပိုက်ဆံငွေကြေး ၀င်လာပါလိမ့်မယ်။ တက္ကသိုလ်ကျောင်းသားဘ၀ကို ဖြတ်မယ် ဆိုရင်တော့ ငွေကုန်ကြေးကျရှိမှာ ဖြစ်တဲ့ အပြင် တချိန်မှသာပဲ အလုပ်ခွင်ကို ပြန်ရောက်ဖို့ရှိပါတယ်။ မိဘက ပိုက်ဆံမချမ်းသာဘူးဆိုရင်လည်း ကျောင်းသားဘ၀ မှာလည်း ချို့ချို့ငဲ့ငဲ့ နေရပါဦးမယ်။ အလုပ်ထွက်လုပ်ဖို့ ရွေးချယ်လိုက်ခြင်းဖြင့် သူက တခြားအခွင့်အလမ်းတွေကို စွန့်လိုက် ရပါတယ်။ အနောက်နိုင်ငံတွေမှာ လေ့လာထားချက်အရ ကောလိပ်အောင်ပြီးသူတွေက ပိုပြီးဝင်ငွေကောင်းတယ်။ အလုပ်အကိုင်ရဖို့ အခွင့် အလမ်းများတယ်ဆိုတာ သုတေသနတွေက ဆိုပါတယ်။ အဲဒါသာမက တက္ကသိုလ်မှာသူက မိတ်ဆွေ ပေါင်းသင်း ဆက်ဆံရေးလည်း ပိုကျယ်ပြန့်နိုင်ပါတယ်။ ဝေဖန်ပိုင်းခြား (critical thinking) လည်း ပိုပြီး ဖွံ့ဖြိုးလာနိုင်ပါ တယ်။ တခြား ပိုကောင်းတဲ့ ဘ၀ရွေးချယ်စရာလမ်းတွေလည်း ပွင့်လာနိုင်ပါသေးတယ်။ ကိုယ်ကျင့်သိက္ခာ ပိုအဆင့်မြင့်မား စွာ နေထိုင်နိုင်ဖို့လည်း ဖြစ်စေနိုင်ပါတယ်။ ဒါတင်မက အခြား ရွေးချယ်စရာ အခွင့်အလမ်း၊ အကျိုးအမြတ်များစွာလည်း ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် တချို့ကတော့ ဘ၀အခြေအနေအရပဲ ဖြစ်စေ၊ ကိုယ့်သန်ရာ စိတ်ပါရာ မဟုတ်လို့ဖြစ်စေ၊ ကိုယ်အာရုံစိတ်ဝင်စားတဲ့ အလုပ်ကို ရွေးချယ်ကြတာ ရှိပါတယ်။ ဆိုလိုချင်တာ တခုကိုရဖို့ ကျန်တာတွေ စွန့်လွှတ်ပေး လိုက်ရတယ် ဆိုတာပါပဲ။

နောက်ဥပမာတခုကတော့ နိုင်ငံတခုရဲ့ စီးပွားရေးမှာ ထွက်ကုန် ၂ မျိုးပဲ ထုတ်တယ်ဆိုပါစို့။ တခုက ပန်းသီးတွေ ထုတ်တယ်။ ကျန်တာတခုက ရှုးဖိနပ်တွေ ထုတ်တယ် ဆိုပါစို့။ စီးပွားရေးစနစ်တခုမှာ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အတွက် သုံးရတာက မြေ၊ လုပ်အား၊ အရင်းအနှီး (Land, Labor, Capital) တွေပါ။ ဒါတွေ အားလုံးကို စိုက်ထုတ်သုံးစွဲရင် ဆိုပါစို့။ ပန်းသီးက သန်း ၁၀၀ ထုတ်နိုင်ပါလိမ့်မယ်။ တကယ်လို့ ရှူးဖိနပ်ချည်းပဲ ထုတ်မယ် ဆိုပါစို့။ ဖိနပ်အစုံ ၄ သန်း ထုတ်နိုင်ပါမယ်။ ဒါပေမယ့် အဲဒီအချိန်မှာ တခုထုတ်ရင်၊ ကျန်တာတခု မရပါဘူး။ သို့သော်လည်း တချို့လူတွေက ပန်းသီး ထုတ်- တချို့လူတွေက ဖိနပ်ထုတ်ဆိုရင်॥ ပန်းသီးလည်း တချို့ရ၊ ဖိနပ်လည်း တချို့ရပါလိမ့်မယ်။ အဲဒီကြားထဲမှာ ဆက် သွယ်မှု တခု ရှိလာပါတယ်။ Production Possibility Frontier (Production Possibility Curve) "ထုတ်လုပ်မှု ဖြစ်နိုင် ခြေပြ မျဉ်းကွေး" လို့ခေါ်ပါ တယ်။ ဒီနေရာမှာ ထုတ်ကုန်နှစ်ခုလုံး ရအောင် အကန့်အသတ်ရှိနေတဲ့ အရင်းအမြစ်တွေကို ဘယ်လို အကျိုးရှိအောင် အသုံးချရမယ်ဆိုတဲ့ စဉ်းစားစရာ ဖြစ်လာပါတယ်။ မူဝါဒချမှတ်သူတိုင်းက ဒီကိစ္စကိုစဉ်းစားကြရ ပါတယ်။ ငွေကုန်ကြေးကျ၊ စွန့်လိုက်ရတဲ့ ထုတ်လုပ်မှုရလဒ် (output forgone) တွေသာမက၊ အချိန်ကုန်တာ၊ လူတွေက ကိုယ်စိတ်ပါဝင်စားမှု မရှိတဲ့ အလုပ်ကို လုပ်နေရလို့ မအောင်မြင်တာ၊ ထုတ်လိုက်တဲ့ ထွက်ကုန်တွေရဲ့ အသုံးဝင်မှုအတိုင်း အတာ (utility) တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါသေးတယ်။



နိုင်ငံခြားတွေမှာ အစိုးရတွေက ဒုံးခွင်းဒုံးကာကွယ်ရေး အစီအစဉ်တွေ ချမယ်ဆိုတော့လည်း ကုန်ကျစရိတ်နဲ့ ရလဒ်ကို တွက်ကြရပြန်ပါတယ်။ ဒီကိစ္စတွေ ဆွေးနွေးငြင်းခုန်ကျတော့ အခုလို opportunity cost ကို ထည့်သွင်း ဆွေးနွေးကြတာ တွေ ကြားဖူးပါတယ်။ လူတဦးချင်းမှာလည်း အခုလို စွန့်လွှတ်လိုက်ရမယ့် အခွင့်အလမ်း ကိစ္စ တွေ ကြီးကြီးမားမား ရှိပါ တယ်။ ထိုင်းနိုင်ငံမှာ စစ်သားလုပ်ရမယ် မဲချတော့ စစ်သားလုပ်ရမယ့် အဆိုတော် ပေါက်စ၊ မင်းသားပေါက်စတွေက မလုပ်ချင်ကြ ပါဘူး။ အနုပညာနယ်ပယ်မှာ သူတို့ ၂-နှစ် မြှုပ်နှံလုပ်ကိုင်ရင် နာမည်ကြီးအဆိုတော်၊ မင်းသားလည်း ဖြစ်သွားနိုင်ပါသေးတယ်။ အဲသလို မဟုတ်ဘဲ စစ်တပ်ထဲ တာဝန်အရ (စစ်မတိုက်ရဘူးပဲ ထားဦး၊ အသက်သေ လောက်အောင် မစွန့်စားရဘူးပဲ ထားဦး) ၂-နှစ် သွားနေရတဲ့အခါ အရွယ်ကောင်းမှာ နာမည်တက်နေစ အခွင့်အရေး လေးလည်း ဆုံးရှုံးသွားနိုင်ပါသေးတယ်။ သဘောကတော့ မြန်မာပြည်မှာ အခုနာမည်ကြီးနေတဲ့ မင်းသား "နေတိုး" တို့ ၂-နှစ်လောက် စစ်မှုထမ်းနေရလို့ ပျောက်သွားရင် နာမည်ကျော်ပါတော့ ဦးမလားဆိုတာမျိုး တွေးပူကြရတာလည်း ရှိပါတယ်။ အဲဒီ ၂-နှစ်မှာ စီးပွားရေးလုပ်ရင် သူဌေးပေါက်စလည်း ဖြစ်နိုင်ပါသေးတယ်။ ပညာတတ်ကြီးလည်း ဖြစ်သွားနိုင်ပါသေး တယ်။ သိပ္ပံပညာရှင်လည်း ဖြစ်နိုင်ပါတယ်။ ဆုံးရှုံးနိုင်ခြေတွေက အများကြီးပါ။

အလားတူပါ။ နိုင်ငံတခုမှာလည်း ဆုံးရှုံးစရာတွေ အများကြီး ရှိပါတယ်။ ခုနက တင်ပြခဲ့သလို နိုင်ငံတခုရဲ့ မြေ၊ လူလုပ်အား၊ အရင်း အနှီး (Land, labor, capital) ဆိုတဲ့ အခြေခံအရင်းအမြစ်တွေကို ကောင်းကောင်း ထိရောက်အောင် နေရာချဖို့ လိုအပ်နေပါတယ်။ Labor ဆိုတဲ့ လူလုပ်အားကို ကုန်ထုတ်လုပ်မှုမှာ သုံးမလား၊ စစ်တိုက်တဲ့နေရာမှာ သုံးမလားဆိုတာ အစိုးရတခုအဖို့ ပြန်စဉ်းစားဖို့ အများကြီးကောင်းတဲ့ အနေအထားပါ။ (ကျန်တဲ့ နိုင်ငံရေးပြဿနာတွေကို ဒီနေရာမှာ ခဏ မစဉ်းစားဘဲ ထားပါတယ်။) အရင်းအမြစ်တွေက အကန့် အသတ်ရှိပါတယ်။ ရှားပါးပါတယ်။ ထိရောက်အောင် ဉာဏ်ကို လွှာသုံးဖို့ လိုအပ်ပါတယ်။

ဆိုပါစို့။ ကျနော်တို့နိုင်ငံက ၁၉၈၈ ခုနှစ်ကတည်းက ဒီမိုကရေစီ အပြောင်းအလဲ ခရီးတခုကို စနိုင်ခဲ့တယ် ဆိုပါစို့။ အတော် ခရီးရောက်နေလောက်ပါပြီ။ နှစ် -၂၀ အကြာ ၂၀၁၀ မှာ အတော်လေးလည်း ခရီးပေါက် ရင့်ကျက် နေနိုင်ပါတယ်။ ပြဿနာ တွေက အဟောင်းမဟုတ်တော့ဘဲ၊ ပြဿနာအသစ်၊ စိန်ခေါ်မှုအသစ်တွေအတွက် ပြင်ဆင်ရင်ဆိုင်နေရလောက်ပါပြီ။ အခု အနှစ်-၂၀ နောက်ကျပြီးမှ ခရီးစကျမယ်ဆိုတော့ နောက်ကျသွားလို့ ဆုံးရှုံးရတာ နှစ်-၂၀ တင်မကပါဘူး။ အဲဒီအချိန်မှာ သူများနိုင်ငံတွေကလည်း ရပ်မနေပါဘူး။ နိုင်ငံတခုအတွက် opportunity cost တွေ ဘယ်လောက်ဆုံးရှုံးသွားတယ် ဆိုတာ ကျနော်တွက်ဆကြည့်တော့ ၀မ်းနည်းစရာပါ။ အခုအထိတိုင် လွတ်လပ်ရေးရချိန်က စခဲ့တဲ့ ပြည်တွင်းစစ်ရယ်၊ ပြဿနာဟောင်းတွေရယ်မှာပဲ ကျနော်တို့ လည်နေကျရတုန်းပဲ မဟုတ်ပါလား။

အောင်သူငြိမ်း
၁၄ ဇန်၊ ၂၀၁၁။



Share/Bookmark

3 comments:

သတိ said...

အားလုံးသတိ

အဟက်.. ဒါဆိုရင် စစ်မှုထမ်းဥပဒေ ရှိတဲ့ နိုင်ငံတွေထက် စစ်မှုထမ်းဥပဒေ မရှိတဲ့ နိုင်ငံတွေက ပိုပီး နိုင်ငံဘက်က ကြည့်ကြည့်၊ လူတစ်ဦးချင်းစီရဲ့ ၀ါသနာအနေအထား၊ သက်မွေးဝမ်းကျောင်းမှုနဲ့ပဲ ကြည့်ကြည့် ပိုပီး ရှေ့ရောက်နေမယ်လို့ ဆိုလိုပါသလား.. အဲလိုလုံးဝ မဟုတ်ဘူးဆိုတာကို စာရေးသူမသိပဲ မနေလောက်ပါဘူး..

အားလုံးသက်သာ
မောင်သတိ

Thu said...

That's just a searching fire.
And, It is not new code that had been previously described in 1973 constitution but did not alive.
That law won't be performed due to Gyokoke's skepticism on people and worry about back fire of those forces if recruited.

suee thit said...

စီးပွာရေးအမြင် မှမဟုတ် တခြားအမြင်တွေနဲ့ 
ကြည့်ရင်လည်း ၁၀၀% အဆိုးဘက်ကို
ရောက်နေတယ်ဗျာ...
အဲ..ကိုသတိပြောသလိုဆိုရင်
၁. လစာ
၂. အစားအသောက်
၃. ခေတ်မှီတဲ့  ဆေးဝါး ၊အသုံးအဆောင်
သင်ကြားမှု အစရှိတဲ့ အရေးကြီးအရာတွေက
ဆီနဲ့ ရေ ဖြစ်နေတယ်ဗျာ..
ပြီးတော့ မိသားစုရဲ့ ထမင်းအိုးဖြစ်နေသူတ
ယောက်ရဲ့  value အစရှိတဲ့ main ဖြစ်နေတဲ့ 
လူတွေရဲ့ တန်ဖိုးနဲ့ က ဒီဥပဒေဟာ လုံးဝမတန်ဘူးဗျာ..

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.