ရွက်မွန်စာမျက်နှာ

Saturday, April 9, 2011

Foreign Media သြော် နိုင်ငံခြားမီဒီယာ

နေ့တော့ ဖုန်းလာတာနဲ့ ကောက်ကိုင်လိုက်တော့ ဂျပန်သတင်းထောက် တယောက်က ခေါ်တာဖြစ်နေတယ်။ အဲဒီ ဂျပန် သတင်းထောက်ရဲ့ သတင်းဌာနက ဘန်ကောက်မှာ အခြေစိုက်ထားတာ။ ကိုယ်ကလည်း ဘန်ကောက် မှာ နေတာဆိုတော့ တခါတရံ မြို့ထဲမှာ သူနဲ့ ဆုံတဲ့အခါလည်း ဆုံဖြစ်ပါတယ်။ လူချင်း မျက်မှန်းတန်းမိနေတယ် ဆိုပါတော့။ အဲဒီ ဂျပန်က တွေ့လိုက်ရင် ခပ်ပြုံးပြုံးနဲ့ သဘောကောင်းတဲ့ ပုံပါပဲ။ သူကမေးတယ် သူမြန်မာပြည်က ရိုက်လာတဲ့ ဗွီဒီယို အခွေကို အင်္ဂလိပ်လို ဘာသာပြန်ချင်ပါတယ်တဲ့။ အဲတာ ကျနော်များ ဘာသာပြန်ပေး နိုင် မလားဆိုပြီး မေးပါတယ်။ ကျနော်ကလည်း ဘာသာပြန်တဲ့ အလုပ်ကို လုပ်နေတာဆိုတော့ ကောင်းပြီပေါ့လေ
ပြ န်နိုင် ပါတယ်လို့ ဖြေလိုက်တယ်။

အဲတာနဲ့ နောက်နေ့ကျတော့ သူတို့ ရုံးကိုသွားလိုက်တယ်။ ဂျပန်သတင်းထောက်က သူမြန်မာပြည်က ရိုက်လာတဲ့ အခွေကို ပြပါတယ်။ တခြားအကြာင်းတော့ မဟုတ်ပါဖူး။ မြန်မာတိုင်းရင်းဆေး၊ ဘယဆေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းပါပဲ။ တိုင်းရင်းဆေး ဖေါ်စပ်တဲ့ လူတွေအကြောင်း ပါသလို တိုင်းရင်းဆေး ရောင်းချတဲ့ ဆိုင်ပိုင်ရှင်တွေနဲ့ အင်တာဗျူးတာတွေလည်း ပါပါတယ်။ နောက်ပြီးတော့ တိုင်းရင်းဆေး ဆရာကြီးတွေ လူနာတွေကို ဘယ်လိုဘယ်ပုံ ကုသတယ် ဆိုတဲ့ ဇာတ်လမ်းသဘော မျိုးလေးတွေလဲ ပါသေးတယ်။ အဲတာ အပြင် မန္တလေးက တိုင်းရင်းဆေးကောလိပ်မှာ ဆရာတွေ၊ ကျောင်းသားတွေနဲ့ အင်တာဗျူး ထားတာတွေလဲ ရှိသေးတယ်။ ပြောမယ်ဆိုရင် အခွေက စုစုပေါင်း တနာရီခွဲစာလောက် ရှိတယ်။

ဂျပန်သတင်းထောက်က ကျနော့်ကို ရှင်းပြပါတယ်။ အင်္ဂလိပ်လို ပြန်ပြီးရင် သူတို့က ဂျပန်လို ဘာသာ ဆက်ပြန် ပြီး ဂျပန်နိုင်ငံမှာ ပြဖို့ ရှိတယ်လို့ ဆိုပါတယ်။ ကျနော့်အနေနဲ့ ကတော့ ကိုယ့်ရဲ့ မြန်မာ့ရိုးရာ တိုင်းရင်းဆေးအကြောင်း ဘာပဲပြောပြော နိုင်ငံတကာက သိတယ်ဆိုရင် အမြတ်ပဲလို့ တွက်မိပါတယ်။ ကိုယ့်ရဲ့ ရိုးရာတိုင်းရင်းဆေးကို ကြော်ငြာသလိုတောင် ဖြစ်သေးတာမို့ ကောင်းတယ်လို့ ဆိုလိုတာပါ။

သို့သော်လည်း ဂျပန်သတင်းထောက်က ကျနော့်ကို ဒီတရက်ထဲနဲ့ အပြီးဘာသာပြန်လို့ ရမလားဆိုပြီး မေး လာပါတယ်။ အဲတော့ ကျနော်က ဗွီဒီယိုခွေတွေ အသံဖိုင်တွေကို ဘာသာပြန်ရတာ အချိန်အလွန်ယူ ရကြောင်း ပြောပြပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အသံမကောင်းတာ၊ မကြည်လင်တာ၊ ဒေသခံ အသုံးအနှုန်း ဖြစ်နေလို့ ချက်ခြင်းနားမလည်ရင် ပြန်ရစ်ပြီး ပြန်နားထောင်ရတာ အစရှိတဲ့ အခက်အခဲတွေကြောင့်လို့ ရှင်းပြပါတယ်။ ကျနော့် အတွေ့အကြုံအရ ဆယ့်ငါးမိနစ်စာ အသံဖိုင်တခုဟာ အစကတည်းက ပြောတာလည်းမရှင်း အကြောင်းအရာကိုလည်း တိုက်ရိုက် နားလည်အောင် မပြောနိုင်ရင် တနေကုန်အောင် ပြန်ယူရပါတယ်။ ဒါကြောင့် ကျနော် နဲနဲလောက်တော့ ကြည့်ပါရစေလို့ ဂျပန် သတင်းထောက်ကို ရှင်းပြပါတယ်။ အဲတော့ သူကလည်း အိုကေပေါ့လေ။

အဲဒီအခွေကို ဆယ့်ငါးမိနစ်လောက် ကြည့်ပြီးတော့မှ ကျနော်က ဘာသာစပြန်မယ်လို့ ဆိုတော့ သူက ကွန်ပြူတာ ထုတ်ပေး ပါတယ်။ ဘာသာပြန်ရင်း ပြန်ရင်းနဲ့ နေ့လည် ထမင်းစာချိန်ရောက်တော့ ကျနော်ထမင်း ထွက်စားတယ်။ စားပြီးပြီးချင်း ပြန်လာပြီး ဆက်ပြန်တယ်။ ညနေ ငါးနာရီခွဲ လောက်ရှိတော့ ဂျပန်သတင်းထောက် ကျနော့်စားပွဲကို ပေါက်ချလာပြီး ဘယ်နှမိနစ်စာ ပြန်ပြီးပလဲဆိုတာ လာကြည့်တော့ ငနဲသား စိတ်ပျက်သွားဟန် တူတယ်။ မိနစ် ၂ဝ စာပဲပြီးသေးတာကိုး။ ဆိုတော့ကာ နောက်ထပ် တနာရီနဲ့ ဆယ်မိနစ်စာ ကျန်နေသေးလို့ပါ။ သူ့စိတ်ထဲမှာ တရက်ထဲနဲ့ ပြီးရင် အချိန်ကုန် သက်သာတယ် ကျနော့်ကိုပေးရမယ့် ဘာသာပြန်ခကလည်း တရက်စာပဲ ပေးရမယ်။ နောက်ရက်မှာ သူက အင်္ဂလိပ်ကနေ ဂျပန်လို ဘာသာပြန်မယ်လို့ မှန်းထားပုံ ရပါတယ်။ ခြောက်နာရီ ထိုးခါနီးတော့ ကျနော်က ဘာသာပြန်တာကို ရပ်လိုက်ပြီး ပြန်တော့ မယ် နောက်နေ့ မနက်မှာ ပြန်လာပြီး ဆက်လုပ်မယ်လို့ သူ့ကိုပြောလိုက်တယ်။

ကိုရွှေဂျပန်လည်း ကျနော့်ကို တရက်စာ လုပ်အားခ ထုတ်ပေးရင်း နောက်နေ့မှာ စောစောလာဖို့ မှာပါတယ်။ ပြီးတော့ တဆက်ထဲ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်း ကွာတယ်ဆိုတာ ဒါမျိုးကိုပြောတာ ထင်ပါရဲ့လို့ ငြီးတွားသလိုလို ပြောပါတယ်။ သူ့စိတ်ထဲမှာ ဖြစ်နေတာကို ကျနော်ဖြတ်ကနဲ သဘောပေါက်ပါတယ်။ အသက်နှစ်ဆယ်ကျော် သုံးဆယ် အရွယ်မျိုးဆိုရင် အလုပ်လုပ်တာ မြန်တယ်။ ကျနော့်လို အသက်လေးဆယ်ကျော်က နှေးသွားပြီဆိုတဲ့ သဘောကို ဆိုလိုချင်မှန်း ကျနော် နားလည် လိုက်ပါတယ်။ ကျနော့်စိတ်ထဲမှာတော့ ဒီဂျပန်ကို မနက်ဖြန်ကျရင် ဘာသာပြန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပညာပေးရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

နောက်တရက် မရောက်ခင်မှာ ကျနော် ဘာသာပြန်ရတဲ့ အင်တာဗျူးတွေကို စာဖတ်တွေသိအောင် နဲနဲလောက်တော့ ထည့်ပြောမှ ဖြစ်မယ်။ မြို့ကြီးတမြို့က မြန်မာတိုင်းရင်းဆေး ရောင်းတဲ့ဆိုင်က ဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူနဲ့ အဲဒီဂျပန် အင်တာဗျူး ထားတာကို နမူနာ ပြောပြရဦးမယ်။ အဲဒီတုန်းကလည်း ကြားမှာ ဗွီဒီယို ရိုက်နေရင်း အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ဘာသာပြန်ပေးတဲ့သူ တယောက် ရှိနေပါတယ်။
ဂျပန်သတင်းထောက်က “အခုခေတ်မှာ မြန်မာတွေအနေနဲ့ တိုင်းရင်းဆေးကို ပိုပြီး အသုံးပြုလာကြတယ် လို့ ပြောနေကြတာ ဟုတ်ပါသလား။ ဟုတ်တယ်ဆိုရင်လည်း ဘာကြောင့် တိုင်းရင်းဆေးကို ပိုပြီး အသုံးပြုလာကြ သလဲဆိုတာ ပြောပြပေးပါ ” ဆိုပြီး မေးပါတယ်။ ဆိုင်ရှင်ရဲ့ သားဖြစ်သူ လူငယ်က ဒီလိုပြန်ဖြေ ပါတယ်။ “သြော် ဟုတ်ကဲ့။ ဒီလိုပါခင်ဗျာ။ တိုင်းရင်းဆေး ဆိုတာကတော့ ဒီမှာ လူတိုင်းသုံးနေကြတာပဲ။ ကျနော်တို့ဆီမှာတော့ လူတိုင်းသုံးကြပါတယ်။ နောက်တချက်ကလည်း အဟွာပေါ့လေ၊ တိုင်းရင်းဆေးဆိုတာ ရှေးတုန်းကလည်း သုံးနေတာဆိုတော့။ ကျနော်တို့ ဆိုင်မှာတင် ရောင်းတဲ့ ဆေးတွေဟာ ကျနော်တို့ အဖိုးလက်ထက်က အတိုင်း မူမပြောင်းပဲ ဖော်ထားတာခင်ဗျ။ နောက် လူတွေကလည်း ဟိုဒင်း ဖြစ်ကြပါတယ်။ သုံးကြပါတယ်၊ သုံးကြပါတယ်။ ဟိုဟာဖြစ်တာလည်း ပါတာပေါ့။”

နောက်တနေရာမှာလည်း ဆိုင်ရှင့်သားလေးက ကြားထဲက ဘာသာပြန်ပေးနေတဲ့ သူကို “အကိုရာ အကိုပဲ အဲဒီဂျပန်ကို ပြောလိုက်စမ်းပါ။ တိုင်းရင်းဆေးဆိုတာက ရှေးဗမာမင်းတွေ လက်ထက်ကထဲက သုံးလာတာ။ ဘုရင်တွေတောင် သုံးတာဆိုတော့ ဆေးကစွမ်းလို့ပေါ့ မဟုတ်ဖူးလား။ အဟွာဖြစ်ရင် လူတွေက သုံးပါ့မလား။ တချို့ဟာတွေ ကတော့ ဟိုဒင်းဖြစ်တာလည်း ရှိတာပေါ့။ ဒီခေတ်ကြီးထဲမှာ လူတွေကလည်း အဲသလိုပေါ့လေ ကျနော်တို့ ထင်သလို မဟုတ်တာမျိုးလဲ ရှိသေးတယ်။ နောက် ကျနော်တို့ဆိုင်က ဆေးတွေက ဟိုဒင်းမဖြစ်ပါဖူး။ တချို့ကလည်း တိုင်းရင်းဆေးဆိုတာ ဘာညာပေါ့လေ။ ဒါပေမယ့် ကျနော်တို့ဆိုင်က ဖောက်သည်တွေကတော့ တိုင်းရင်းဆေးမှ တိုင်းရင်းဆေးပဲ”။

အဲတာမျိုးကို ကျနော်က ဘာသာပြန်ရတာ ဆိုတော့ အတော်လေး ခေါင်းကိုက်ပါတယ်။ မေးတဲ့သူ လိုချင်တဲ့ အဖြေ မဟုတ်မှန်းလည်း ကျနော်က ကြားထဲကသိနေတယ်။ အဲတာကို ကျနော်က တတ်နိုင်သမျှ ဆီလျှော်အောင် ဘာသာပြန် ပေးပါတယ်။ ဒါကို ဂျပန်ကတွေ့တော့ ဆိုင်ရှင့်သားလေး ဖြေတာ အဲသလို ဟုတ်ရဲ့လားလို့ ကျနော့်ကို မေးပြန်ပါရော။ ဘယ်နှယ့် လုပ်ကြမလဲ။ မြန်မာပြည်က ဗျူးခဲ့တဲ့ သူတွေကို ဒီကိုခေါ်ပြီး ထပ်မေးမြန်းဖို့ ဆိုတာကလည်း ဖြစ်မှမဖြစ်နိုင်တာ။ နောက်တော့ ဂျပန်က ကျနော့်ကို ဒီလိုလုပ်ပါလား ဆိုပြီး အဆိုတင်လာ တယ်။ တခြားတော့ မဟုတ်ဖူး။ အင်တာဗျူးခံရတဲ့သူ ပြောတာမှန်သမျှကို ကျနော်က တလုံးမကျန် အင်္ဂလိပ်လိုပြန်၊ ပြီးမှသူက အဲတာကို ဂျပန်လို ပြန်မယ်ပေါ့။ ဆိုလိုတာက ကျနော် ဆီလျှော်အောင် ပြန်ပေးနေ တာကို ငနဲသားက မသင်္ကာသလိုလို မပြည့်စုံသလိုလို ထင်နေတာကိုး။ ဒါနဲ့ ကျနော်လည်း အိုကေ ကောင်းပြီလေဆိုပြီး သဘောတူလိုက်တယ်။ ကျနော့်အကြိုက် ဖြစ်သွားတာပေါ့။ လူတဖက်သား လွယ်လွယ် နားမလည်အောင် ပြောထားတဲ့ စကားကို ဆီလျှော်အောင် ဘာသာပြန်ရတာက ပိုခက်တယ်။ ဘာသာပြန်သူက ဘာကိုမှ တာဝန်ယူစရာမလိုဘဲ တဖက်က ပြောသမျှကို အင်းတွေ၊ အဲတွေ၊ ဟိုဒင်းတွေ၊ အဟွာတွေ၊ ပေါ့နော်တွေ၊ အဲသလိုပဲပေါ့တွေ ကိုပါ ထည့်ပြန်ရမယ်ဆိုတော့ လွယ်သမှ သိပ်လွယ်တာပေါ့။
နောက်တချက်ကလည်း အင်တာဗျူးခံရတဲ့ ဆိုင်ရှင်ရဲ့ သားလေးဟာ သူမိသားစု ရိုးရာစီးပွားရေး အလုပ်ကို လုပ်နေတဲ့သူသာ ဖြစ်ပါတယ်။ မီဒီယာတွေနဲ့ ရင်ဆိုင်တွေ့ရရင် ဘယ်လိုဘယ်ပုံ လှလှပပ ပြန်ဖြေမယ် ဆိုပြီး လေ့ကျင့်ပေးထားတဲ့သူ မဟုတ်တော့၊ သူသဘော ပေါက်သလို သူတတ်သလိုပဲ ဖြေမှာပြောမှာပေါ့။ သူ့မှာ အပြစ်မရှိပါဖူး။ အပြစ်ရှိတာက ဘာသာပြန်တယ်ဆိုတာ စက်ကနေလှည့် ထုတ်သလို ကွက်တိဖြစ်ရမယ်၊ အချိန်မြန်မြန်အတွင်းမှာ များများထွက်ရမယ်လို့ တွက်ထားတဲ့ ဂျပန်ငနဲသာ ဖြစ်ပါတယ်။
နောက်တရက်ကြတော့ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ အတိုင်း ကျနော်က ဘာသာဆက်ပြန် တော့တာပေါ့။ ဆိုင်ရှင့်သားလေးလို ဘာပြောမှန်း မသိနိုင်အောင် နားမလည်အောင် ဖြေတဲ့သူတွေ အင်တာဗျူးထဲမှာ အများကြီးပါ။ ရပ်ကွက်ထဲက တိုင်းရင်းဆေးဆရာတွေ၊ လူနောတွေ၊ လူနာမဟုတ်သူတွေ၊ ကျောင်းသားတွေ စတဲ့သူတွေရဲ့ အင်တာဗျူးတွေလည်း မနည်းပါဖူး။ တိုင်းရင်းဆေး တက္ကသိုလ်က စီနီယာဆရာကြီး တယောက်ပဲ ဂျပန်မေးသမျှကို လိုရင်းတိုရှင်း ဖြေပါတယ်။ လိုအပ်ရင်လည်း ဥပမာလေးတွေနဲ့ တွဲဖက်ပြီး ဖြေပေးရှာပါတယ်။ သူပြောတဲ့အတိုင်း လူပေါင်းစုံကို ဗျူးထားသမျှ ကျနော် ဘာသာပြန်ထား တာတွေကို လိုက်ဖတ်ရင်း ကိုရွှေဂျပန် တယောက် တော်တော်လေး စိတ်ဓာတ် ကျသွားဟန် ရှိပါတယ်။ အချိန်က သူထင်ထားသလို မဟုတ်ဘဲ ပိုပြီး လိုနေတာကိုး။

လေးရက်မြောက်တဲ့ နေ့မှာတော့ ဘာသာပြန်တာ အကုန်လုံးပြီးသွားတယ်။ ဂျပန်လည်း ကျနော့်ကို လေးရက်စာ ဘာသာပြန်ခ ပေးလိုက်ရလို့ မျက်နှာတောင် ကောင်းကောင်း မပြုံးနိုင်တော့ဖူး။ သူက တရက်နဲ့ပြီးမယ်လို့ မှန်းထားတာကိုး။ နောက်တချက် ကတော့ သူရဲ့ ဗွီဒီယို အခွေကို လေးရက်အတွင်း ဘာသာပြန်ရင်း ကျနော်သွားတွေ့တာ တခု ရှိလာပါတယ်။ အဲတာက ဘာတုန်းဆိုတော့ သူလုပ်ချင်တဲ့ ရည်ရွယ်ချက် က မြန်မာပြည်က တိုင်းရင်းဆေးဟာ သူ့နေရာ သူ့ကာလနဲ့ ထိုက်သင့်တဲ့ ဆေးစွမ်းရှိတယ် အဲတာကြောင့် ရိုးရာအရ မြန်မာနိုင်ငံသားတွေ အားကိုးကြတယ်ဆိုတဲ့ ရည်ရွယ်ချက် မဟုတ်ကြောင်း ကျနော် သိလိုက်ရပါ တယ်။ ဒီအခွေထဲမှာ ဂျပန်သတင်းထောက် ပေးခြင်တဲ့ မက်ဆေ့ခ်ျ (သတင်း) က ဒီလိုပါ။ မြန်ပြည်ဟာ ချွတ်ခြုံကျ နေပြီ။ လူတွေကလည်း မွဲငတ်နေတယ်။ မကျန်းမာတဲ့အခါမှာ လူအများစုဟာ ငွေကုန်များလွန်းတဲ့ အနောက်တိုင်း ခေတ်မီဆေးဝါးတွေနဲ့ မကုသ နိုင်တော့ဖူး (မွဲတာတွေ၊ ငတ်တာတွေ၊ အနောက်တိုင်း ဆေး ဝါးတွေကို မသုံးနိုင်တာတွေ ကတော့ ဟုတ်ပါတယ်)။ အဲတာကြောင့် စိတ်၏ဖြေရာ ဆိုသလို အစွမ်းမထက်မှန်း သိရဲ့သားနဲ့ မြန်မာတိုင်းရင်းဆေးကိုပဲ ဈေးချိုချိုနဲ့ ဝယ်သုံးနေ ကြရတယ်လို့ ဆိုလိုတဲ့ သဘောပါပဲ။ မြန်မာ တိုင်းရင်းဆေး ဘယဆေး ဆိုတာ အလကားပါ။ အဆင့်အတန်း မရှိဖူးလို့လည်း သူ့အခွေရဲ့ သဘောက သက်ရောက်နေပါတယ်။ မြန်မာတိုင်းရင်းဆေး မစွမ်းဖူးလို့ ဆိုလိုချင်တာကတော့ မဟုတ်သေးပါဖူး။ သူ့နေရာနဲ့သူ စွမ်းတာကတော့ ရှိပါသေးတယ်။

သူ့ရုံးကနေ ကျနော်ပြန်မထွက်ခင်မှာ ဂျပန်သတင်းထောက်ကို ကျနော် ရိပြီးပြောခဲ့ပါတယ်။ ဘာတုန်းဆိုတော့ လူတွေရဲ့ ခံစားချက်၊ လူတွေရဲ့ အမြင်၊ လူတွေရဲ့ သဘော မနောကနေ ထင်ဟတ်တဲ့ အကြောင်းအရာမျိုးကို ဘာသာပြန်ရတာ မင်းတို့ ဂျပန်နိုင်ငံက တိုယိုတာ မော်တော်ကား စက်ရုံကနေ ကားတွေထုတ်သလို အဆင်သင့် ထုတ်လို့ မရဖူးကွ။ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်လာရင် လူငယ်ပိုင်းကိုပဲ ဘာသာပြန်ခိုင်းပြန်ခိုင်း၊ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းကိုပဲ ဘာသာပြန်ခိုင်းပြန်ခိုင်း၊ အနည်းနဲ့ အများတော့ အချိန်ယူရတယ်ကွ လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

နောက်တချက်ကလည်း နိုင်ငံခြား မီဒီယာတွေ ကိုယ့်တိုင်းပြည်အကြောင်း ဘာအကြောင်းပဲ ဖြစ်ဖြစ် ဗွီဒီယို မှတ်တမ်းတွေ ရိုက်ကူးမယ်ဆိုတာ ကောင်းပါတယ်။ နိုင်ငံတကာက ပိုသိလာတာပေါ့။ သို့သော်လည်း အထက်ကလို နိဂုံးချုပ်တော့ ကိုယ့်အကြောင်း ရိုက်ပြတာ မကောင်းတဲ့ အမြင်ဖက်က ဖြစ်နေ တာမျိုးတွေ လည်း တွေ့နိုင်ပါသေးတယ်။ မီဒီယာတိုင်း ကိုယ့်မိတ်ဆွေလို့ မမှတ်လင့်။

ဇော်မင်း
၈ ရက်၊ ဧပြီလ၊ ၂ဝ၁၁ ခုနှစ်

2 comments:

Mon Petit Avatar said...

It surely does difficult when the respondents don't give the straight answers.

blueskyforest said...

သဘောတူပါတယ်ခင်ဗျား။ နိုင်ငံခြားမီဒီယာမှ မဟုတ်ပါ။ မြန်မာတွေလုပ်ကြတဲ့ ပြည်တွင်းပြည်ပမီဒီယာများမှာ လည်း လူထုနိမ့်ကျမှုကို အခွင့်ကောင်းယူပြီး သတင်း လုပ်နေသူများလည်း ရှိနေပါကြောင်း။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.