ရွက်မွန်စာမျက်နှာ

Tuesday, August 16, 2011

မောင်ဖြူလွန်းနဲ့ တံလျှပ်များ

၁။အကျဉ်းချုပ်သာရေးရန်မောင်ဖြူလွန်းသည် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အစဦးကထဲက ပါလာသော တက်ကြွလှုပ်ရှားသူ ဖြစ်သည်။ အမှန်တရားဖက်က ရပ်တည်တိုက်ပွဲဝင် ခဲ့သည့်အတွက် စစ်အာဏာရှင်တို့ ပေးအပ်သော ဂုဏ်ထူးဆုတံဆိပ် တခုဖြစ် သည့် ထောင်ဒဏ်ကျခံခဲ့ရသည်။ ထောင်ထဲတွင် သုံးနှစ်ခန့် နေခဲ့ရသည်။ ထောင်ကလွတ်လွတ်ခြင်း မောင်ဖြူလွန်း ဆုံးဖြတ်ချက် တခုကို ချလိုက်သည်။ ဒီစစ်အာဏာရှင်တွေကို လက်နက်ကိုင်တော်လှန်မှ ရတော့မည်ဆိုသော ဆုံးဖြတ် ချက်ပင်ဖြစ်သည်။

မောင်ဖြူလွန်း တယောက် တောထဲရောက်ရောက်ခြင်း ကျောင်းသားတပ်မတော်သို့ ဝင်လိုက်သည်။ ကျောင်းသားတပ်မတော် ရဲဘော် တဦးအနေနှင့် ကျရာတာဝန်များကို ရိုးရိုးသားသား တာဝန်ကျေကျေ ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ် ကရင်သူပုန်တို့၏ ဌာနာချုပ်ကို စစ်အစိုးရ သိမ်းပိုက်ပြီးနောက်ပိုင်း ကာလများ တောက်လျှောက်ကား လက်နက်ကိုင် အဖွဲ့များ အားလုံးအတွက် ခရောင်းတောကြီး ဖြစ်ခဲ့သည်။ အခက်အခဲများ ကြုံလေတိုင်း နိုင်ငံရေး တော်လှန်ရေး ကိစ္စများဟူသည် အကွေ့အကောက် များလွန်းလှသည် ဟူ၍ မောင်ဖြူလွန်း အတွေးဝင်မိသည်။ ခေါင်းဆောင်များကလည်း အရင်ကလို မဟုတ်တော့ တကိုယ်ကောင်း ပိုပိုဆန်လာသည်ဟု မောင်ဖြူလွန်း ထင်မိသည်။ နောက်ဆုံးတွင် မောင်ဖြူလွန်း တယောက် ဘယ်သူမှ ထင်မထားသော ဆုံးဖြတ်ချက်တခုကို ပီပီပြင်ပြင် ချမှတ်လိုက်သည်။ မြန်မာပြည်ကို ပြန်တော့မည်။ အထဲကိုဝင်ပြီး ရန်သူကို ပူးသတ်ခြင်းသည်သာ အကောင်းဆုံးဟု ဆိုသည့် ဆုံးဖြတ် ချက်ပင် ဖြစ်သည်။ နောင်တွင်လည်း နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့် ရရှိပါက ပါလီမန်အတွင်းကနေ ဝင်တိုက်မည်ဟူသော အမြင် ကလည်း သူ့မှာကြီးစိုးနေသည်။

၂။ မြန်မာပြည်ထဲ ပြန်ဖို့ နယ်စပ်က နီးရာ စစ်အစိုးရစခန်းတခုမှာ လက်နက်ခြလိုက်သည်။ စစ်ထောက်လှမ်းရေးက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ဆယ်လကျော်မှ အိမ်ကိုပြန်ရောက်သည်။ မောင်ဖြူလွန်း အထဲ ပြန်ရောက်သည့် ကာလများတွင် နိုင်ငံရေးပါတီအသစ်များ ထပ်မံဖွဲ့စည်းခွင့် မရသေး။ တဆက်ထဲမှာလည်း ထမင်းစားဖို့ အတွက် အလုပ်လုပ်ဖို့ကလည်း လိုလာသည်။ ထီးဖြူဖိနပ်ပါး လုပ်နေလို့ မဖြစ်သေး။ သို့သော် ပညာဆုံးခန်း မတိုင်သေး သည့် ထောင်ထွက် တောပြန် တဦးကို ဘယ်စီးပွားရေး ကုမ္ပဏီကမှ အလုပ်ပေးလိုခြင်းမရှိ။ လက်ဖက်ရည်ဆိုင် ကွမ်းယာဆိုင် ထောင်ဖို့ကလည်း အရင်းအနှီးမရှိ။ ဒါနဲ့ပဲ ကာလအတော်ကြာ ယောင်တောင်တောင် ဖြစ်နေသည်။ နောက်ဆုံးတော့ ကြားလူတဦးက ဆက်ပေးသဖြင့် စစ်အစိုးရ ကောင်းကြောင်း ရေးသားပေးနေ သော ပုဂ္ဂလိက ဂျာနယ်တိုက်တခုတွင် အလုပ်ရသည်။ ဂျာနယ်အမည်က "တုတ်တပြက်" တဲ့။ အလုပ်ရတယ် ဆိုပေမယ့် ရတဲ့လခက သူ့အရက်ဖိုးသူကိုပင် အနိုင်နိုင်။ ဂျာနယ်တိုက် ပိုင်ရှင်ကလည်း စစ်ဗိုလ်ချုပ်တွေကို အသားကုန်ဖားနေသူ ဖြစ်လို့ မောင်ဖြူလွန်း ကိုယ်တိုင်လည်း ဒါကိုကြည့်ပြီး စိတ်ပျက်ရတာ ခဏခဏ။

နောက်ဆုံးတော့ ထိုင်းနိုင်ငံထဲမှာ သောင်တင်နေတဲ့ တောထဲတုန်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အင်တာနက်ကျေးဇူးဖြင့် ပြန်ဆက်မိ သည်။ သူတို့က သံယောဇဉ် ရှိသူတွေ အချင်းချင်း ဖြစ်သောကြောင့် ဘာပဲဖြစ်ဖြစ် ထိုင်းဖက်ကို ပြန်ထွက်လာဖို့ အကြံပြုကြသည်။ ဒါနဲ့ပဲ မောင်ဖြူလွန်း တယောက် ပတ်စ်ပို့လျောက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်သို့ ရောက်လာသည်။ ချင်းမိုင်က "ဆင့်ဖင်" ဆိုသော သတင်း ဂျာနယ်တခုတွင် အလုပ်ရသည်။ ဝင်ငွေလေးက မဆိုးပါ။ မများလှသော်လည်း သောက်သောက် စားစား ပျော်ပျော်ပါးပါး နေလို့ရသည့် အဆင့်တော့ရှိသည်။ သို့သော် ကြာလာတော့ မောင်ဖြူလွန်း မကြိုက်တာ တခုတွေ့လာရသည်။ တခြားတော့မဟုတ် ဂျာနယ်တိုက် ပိုင်ရှင်ကိုဖြစ်သည်။ ဒေါင့်ကမကျိုး၊ စကားပြောတာ မောက်မာ လွန်းသည်၊ အောက်လက်ငယ်သားတွေကို စော်ကားလွန်းသည်ဟု မောင်ဖြူလွန်း ခံစားရသည်။ ဂျာနယ်တိုက် ပိုင်ရှင်ကလည်း မြန်မာပြည်ကြီး တခုလုံးကို ချင်းမိုင်ဂျာနယ် တိုက်ကနေ ဆွဲယူ၍ မီဒီယာ ကနေ ကယ်တင်နေသူ တဦး အဖြစ် သူ့ကိုယ်သူ အမွှန်း တင်နေသူဖြစ်သည်။ မောင်ဖြူလွန်းရဲ့ တာဝန်ကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးများ၊ မြန်မာပြည်ကြီး သဘာဝ ပတ်ဝန်းကျင် ပျက်သုန်းနေပြီ၊ အတိုက်ခံတွေမှာ အလားအလာ ရှိရဲ့လား အစရှိတဲ့ လူတွေကို ဆရာလုပ်ရတဲ့ ဆောင်းပါးမျိုး ရေးဖို့ တာဝန်ပေးခြင်း ခံရသည်။

နှစ်အတန်ကြာတော့ မောင်ဖြူလွန်း ဒီဂျာနယ်တိုက်မှာ လုပ်ရတာကို မပျော်ပိုက်တော့။ လူတွေကို ဆရာလုပ် လက်ချာ ပေးရသည့် ဆောင်းပါးမျိုးကိုလည်း ဆက်မရေးလိုတော့။ ခရမ်းနုရောင် သန်းနေသည့် အချစ် ဝတ္ထုတွေ ရေးနေသော အမျိုးသမီး စာရေးဆရာမ ရွှေငြိမ်းတို့လို ရသလိုင်းဖက် ပြောင်းမလားလို့ စဉ်းစားလိုက်တော့လည်း သူကိုယ်တိုင်က တခါမှ ရသလိုင်းကို ထိမိကိုင်မိပင် ရှိခဲ့သည် မဟုတ်။ နောက်ဆုံးတော့ ဘာမှ မတတ်နိုင်သည့် အတူတူ ဖိ၍သာ သောက်နေတော့ သည်။ သိပ်မကြာလိုက် နိုင်ငံခြားအလှူရှင် ဒိုနာများက ငွေဖြတ်သည် ဆိုသောကြောင့် ဂျာနယ်တိုက်မှာ လူလျှော့ပွဲကြီးနှင့် တိုးတော့သည်။ တိုတိုပြောရရင် မောင်ဖြူလွန်း အလုပ်ပြုတ်သည်။ ပြုတ်တယ်ဆိုပေမယ့် အရက်ကို သောက်တာကတော့ မနား။ အတွင်းထဲတုန်းကလည်းသောက် အပြင်ရောက် တော့လည်းသောက် ခေတ်အဆက်ဆက် သောက်လာတဲ့ ဒဏ်တွေ နဲ့ တရက်တော့ မောင်ဖြူလွန်း အိပ်ရာထဲ လဲတော့သည်။ အခြေအနေက သိပ်မကောင်း။

၃။ မောင်ဖြူလွန်း အိပ်ယာနဘေးတွင် ချင်းမိုင်က လုပ်ဖော်ကိုင်ဖက်တွေ စုဝေးနေသည်။ မောင်ဖြူလွန်းကား အမော ဖောက်နေပြီ ဖြစ်သည်။ မသေခင်စပ်ကြား မောင်ဖြူလွန်း အတွေးများက မြန်မာပြည်နှင့် ထိုင်းနိုင်ငံအကြား ပြေးလွှား နေသည်။ စစ်ဗိုလ်ချုပ် တွေကိုလည်း မုန်းသည်။ နယ်စပ်က ခေါင်းဆောင်ဆိုသူတွေကိုလည်း မုန်းသည်။ ပြည်တွင်းက သူလုပ်ခဲ့သော ဂျာနယ်တိုက် ပိုင်ရှင်ကိုလည်း မုန်းသည်။ သူ့ကို အလုပ်ဖြုတ်ပစ်ခဲ့သော "ဆင့်ဖင်" ဂျာနယ်တိုက် ပိုင်ရှင် ကိုလည်း မုန်းသည်။ အားလုံးကို မုန်းသည်။ မြန်မာပြည်ကြီးနှင့် မြန်မာတွေကိုလည်း အားမရ စိတ်ပျက်မိသည်။ ဒါကြောင့် မသေခင် စပ်ကြားမှာ မောင်ဖြူလွန်း ဆုတောင်းသည်။ ဖြစ်လေရာ ဘဝတိုင်းမှာ မြန်မာပြည်မှာ လူပြန်၍ မဖြစ်ရပါလို၏ ဟူသော ဆုတောင်း ပင်ဖြစ်သည်။ သည့်နောက် မောင်ဖြူလွန်း သေဆုံးသွားခဲ့သည်။ မောင်ဖြူလွန်း ဈာပနကား စည်းကားလှသည်။ ပြည်ပရောက် မီဒီယာအဖွဲ့အစည်းများမှ အသောက်သမား မှန်သမျှ တက်ရောက်သလို နိုင်ငံရေး အဖွဲ့အစည်းများ၊ ကမ်ပိန်း အဖွဲ့အစည်းများမှ ဇိုးဘဲများလည်း စုဝေးတက်ရောက်ကြသည်။ ထိုသူများသည် ညဖက်တွင် မောင်ဖြူလွန်းကို ရည်စူးကာ ချင်းမိုင်က မြန်မာ ထမင်းဆိုင်ဟု အမည်တပ်ထားသော အရက်ဆိုင်တွင် စုဝေးပြီး သောက်ကြ ရင်း သူတို့ သူငယ်ချင်းကြီးရဲ့ မရှိမဲ့ရှိမဲ့ ကောင်းကြောင်းကလေးတွေကို ပြန်ပြောနေကြသည်။

၎။ ဘင်္ဂလားဒက်ရှ်နိုင်ငံက ဒက္ကာမြို့တော်၏ ရေစက်လက်နှင့် ဗွက်ထနေသော ဆင်းရဲသား ရပ်ကွက်တခု။ မခါတွန် ဆိုသည့် အမျိုးသမီး သည် ငယ်သံပါအောင် အော်ဟစ်ရင်း ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းနေသည်။ တခြားမဟုတ် အလုပ်ကနေ အရက်မူး၍ ပြန်လာသော သူမ၏ယောက်ျား အဗ္ဗဒူလာက ရိုက်နှက်နေသောကြောင့် ဖြစ်သည်။ မခါတွန်နှင့် အဗ္ဗဒူလာတို့မှာ သားသမီး ခွန်နှစ်ယောက် ရှိသည်။ ဒါ့အပြင် အဗ္ဗဒူလာက နောက်ထပ် မိန်းမငယ်ငယ်လေး နှစ်ယောက်လည်း ထပ်ယူထားသည်။ နောက်ယူထား သော မိန်းမများမှ မွေးထားသော ကလေးများကလည်း စုစုပေါင်း လေးဦးဖြစ်သည်။ သူတို့ အားလုံး အိမ်ဟုခေါ်သော တဲတလုံးတွင် စု၍ နေကြသည်။ ကလေး ခွန်နှစ်ယောက်အမေ မခါတွန် ဆိုသူကား တခြားမဟုတ်။ မောင်ဖြူလွန်း ဝင်စားလာခြင်းပင် ဖြစ်သည်။ မောင်ဖြူလွန်း သေငယ်ဇောနှင့် မျှောနေသည့် အချိန်တုန်းက ဆုတောင်းခဲ့သည် မဟုတ်လား။ မှတ်မိကြပေမည်။ မြန်မာပြည်တွင် လူပြန်မဖြစ်ရ ပါလို၏လို့ ဆိုတဲ့ ဆုတောင်းဖြစ်သည်။ ဒါကြောင့် အဲသည့် ဆုတောင်းအတိုင်း မြန်မာနိုင်ငံမဟုတ်သည့် ဘင်္ဂလားဒက်ရှ် တွင် မိန်းမအဖြစ်နှင့် လူပြန်ဖြစ်လာခြင်း ဖြစ်သည်။

အဗ္ဗဒူလာ စိတ်ကောင်းဝင်၍ မမူးသော အချိန်များ၌ မခါတွန်က ခွန်နှစ်ယောက်မြောက် အငယ်ဆုံးကလေးကို နို့ဘတ်သလတ်ကြီးဖြင့် နို့တိုက်နေရင်း သူမဟာ အရင်ဘဝတုန်းက မြန်မာပြည်ကဖြစ်ကြောင်း၊ ယောက်ျားလေးဖြစ်ပြီး ဘီယာ အရက်များ အလွန်ကြိုက် ကြောင်း၊ အလုပ်အကိုင်က မီဒီယာသမားဖြစ်ကြောင်း နတ်သံနှော၍ ပြောပြတတ်သည်။ ထိုအချိန်များ၌ သူမ၏ ယောက်ကျားက အေးပါ အေးပါဟု ခေါင်းငြိမ့်ပြီး သည်းခံနားထောင်တတ်သည်။ ကနေ့ညနေ အရိုက်ခံရတဲ့ အကြောင်းကတော့ မူးလာတဲ့ ယောက်ကျားကို မြန်မာပြည်ဟာ ဆန်ရေစပါး သားငါး ဘယ်လောက်ပေါ ကြောင်း ဘင်္ဂလားဒက်ရှ် နိုင်ငံထက်သာကြောင်း ပြောလိုက်သောကြောင့် စိတ်တိုကာ ရိုက်ခြင်းဖြစ်သည်။ ဒီဘင်္ဂလားဒက်ရှ် နိုင်ငံကိုလည်း မခါတွန် မကြိုက်တာမှ လုံးလုံးမကြိုက်။ မိန်းမတွေကို ဖိနှိပ်လွန်း တာကတကြောင်း၊ လူဦးရေက ထူထပ်ပြီး ဆင်းရဲလွန်းတာက တကြောင်း၊ မူစလင်နိုင်ငံမှာ မိန်းမဖြစ်နေ၍ အရင်ဘဝကလို ဘီယာတွေ ဝီစကီတွေ သောက်ခွင့် မရတာကတော့ အဓိက အကြောင်းလို့ ဆိုနိုင်သည်။ ဒါကြောင့် မခါတွန် တွေးမိသည်မှာ ဒီဘဝမှာ သေခါနီး လို့ကတော့ အရင်ဘဝကလို ဆုတောင်း မမှားအောင် သတိထားရမည် ဟူ၍ပင်ဖြစ်သည်။ ဒီတခါတော့ မသေခင်မှာ ဆုတောင်းတာကို တိတိကျကျ မှန်မှန်ကန်ကန် ဖြစ်အောင် ဆုတောင်းမည်ဟု တေးထားလိုက်သည်။

ကလေးကလည်းများ၊ ဆင်းရဲတွင်းကလည်းနက်၊ ယောက်ကျားကလည်း နှိပ်စက်သော မခါတွန်သည် အသက် လေးဆယ့် ငါးနှစ် မပြည့်တပြည်လေးတွင် ရောဂါဘယပေါင်းစုံ၏ ဒဏ်ကို ခံစားရင်း သေဆုံးသွားခဲ့သည်။ ဒီတခါတော့ မခါတွန် မသေခင်မှာ အတော်ကြီး ကို တိတိကျကျ ပြည့်ပြည့်စုံစုံ ဆုတောင်း သွားခဲ့သည်။ ဆုတောင်းက ဘယ်လိုတုန်းဆိုတော့ ဒီမိုကရေစီရှိသော၊ တရားဥပဒေ စိုးမိုး သော၊ ချမ်းသာတိုးတက်သော အနောက်နိုင်ငံ တခုခုတွင် အဆင့်မြင့် ပညာတတ် လူဖြူယောက်ျားလေး တဦးအဖြစ် ပြန်လည်မွေးဖွား ရလိုပါ၏ ဟူသော ဆုတောင်းပင် ဖြစ်သည်။

၅။ ဆုတောင်းကား ပြည့်လေ၏။ မောင်ဖြူလွန်း တဖြစ်လဲ မခါတွန်ကား ဒီတခါမတော့ အမေရိကန်နိုင်ငံတွင် လူဖြူ ယောက်ျားလေး တဦးအဖြစ် ပြန်လည် မွေးဖွားလာခဲ့သည်။ အခုဘဝ၌ သူ၏နာမည်ကား အော်စတင် ဟူ၍ ဖြစ်သည်။ အော်စတင် တဖြစ်လဲ မောင်ဖြူလွန်းသည် သူတွေ့နေရသော အမေရိကန် နိုင်ငံကြီးကို မယုံနိုင်အောင် ဖြစ်နေရသည်။ ဘာလို့တုန်းဆိုတော့ အမေရိကန် နိုင်ငံတွင် သူဌေးများက လူနည်းစုဖြစ်၍ အလုပ်လက်မဲ့များ အရေအတွက်က ၉၉% ဖြစ်နေပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအနက် စတုတ္ထမြောက် အဆင်းရဲဆုံး နိုင်ငံဖြစ်နေ၍ပင်။ အမေရိကန် သမ္မတ အဆက်ဆက်သည် လာဘ်စားလွန်းသောကြောင့် ကမ္ဘာ့ အလယ်တွင်လည်း နာမည်ပျက်နေသည်။ ဝန်ကြီး၊ ဝန်ကလေး၊ ရဲအရာရှိ၊ တခြားသော အစိုးရအမှုထမ်းများ အကြားတွင် လာဘ်စား သည်ကို လာဘ်စားသည်ဟု မခေါ် အပြန်အလှန် နားလည်မှုဖြင့် လက်ဖက်ရည်ဖိုးပေးသည်လို့ ခေါ်ကြသည်။ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု မျိုးစုံကလည်း ထွန်းကားသည်။ ပြည့်တန်ဆာများကလည်း လမ်းမပေါ်တွင် မမြင်ခြင်အဆုံး။ ပုံမှန် အလုပ်မှ မရှိကြတာကိုး။ ဒါ့အပြင် သဘာဝ ပတ်ဝန်း ကျင်ကို မထိန်းသိမ်းဘဲ သစ်ပင်တွေ ခုတ်ရောင်းတာကြောင့်၊ မြစ်တွေကိုပိတ်ပြီး ဆည်တွေ အမြောက်အများ တည်ဆောက်ထားတဲ့ အကျိုးဆက်တွေကြောင့် အမေရိကန်ပြည်ကြီးသည် ရာသီဥတု အလွန်အမင်း ဖောက်ပြန် နေတာကိုလည်း ရင်ဆိုင်နေရသည်။ ဒီမိုကရေစီ ကျင့်စဉ် ဆိုသည်မှာလည်း အမည်သာ ကျန်တော့သည်။ သတင်းစာများလည်း ဆင်ဆာကို ဖြတ်ပြီးမှ ထုတ်ဝေခွင့် ရကြရှာသည်။ အော်စတင်ကား နားမလည်နိုင်တော့။ သူထင်ထားသည့် နားလည်ထားသည့် အမေရိကန်နိုင်ငံနှင့် လွဲချင်တိုင်း လွဲနေသည်။

နောက်တော့ ခရစ်သက္ကရာဇ်တွေကို ပြန်တွက်ကြည့်မှ သူအမေရိကန်တွင် လူဝင်စား ပြန်ဖြစ်ရခြင်းသည် အတော်ကလေး နောက်ကျခဲ့ သောကြောင့် ဟူသော အချက်ကို တွေ့ရသည်။ မောင်ဖြူလွန်း ဘဝတွင် အသက်လေးဆယ် မပြည့်ခင် သေဆုံးခဲ့သည်။ နှစ်အနည်း ငယ်အတွင်း ဘင်္ဂလားဒက်ရှ်တွင် မခါတွန် အဖြစ် လူပြန်ဖြစ်သည်။ အသက်လေးဆယ့်ငါး မပြည့်ခင် သေဆုံးခဲ့သည်။ မခါတွန်ဘဝမှ သေဆုံးပြီး နှစ်အနည်းငယ်အတွင်း အမေရိကန်နိုင်ငံတွင် လူပြန်ဝင်စားခြင်း မဟုတ်ဘဲ နောက်ထပ် အနှစ်တရာကျော်လောက် နောက်ကြပြီးမှ လူပြန်ဖြစ်ရခြင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဆုတောင်းကောင်းလို့ မှန်ပေမယ့် အနှစ်တရာကျော် နောက်ကြပြီးမှ အမေရိကန်နိုင်ငံကို လူအဖြစ် ရောက်လာခြင်း ဖြစ်သည်ကိုး။ ကြားထဲမှာ ကြာနေခြင်းပင်။ မြန်မြန်သေပြီးနောက် အမေရိကန်တွင် အချိန်မဆိုင်းဘဲ မြန်မြန် လူပြန်ဖြစ်ရ လိုပါ၏ ဆိုတဲ့အချက်ကို ဆုတောင်းဖို့ မေ့သွားသောကြောင့် နှစ်တွေ ဒီလောက် ကြာနေရခြင်း ဖြစ်သည်။

အိုကေ ဒါတွေအားလုံး ထားလိုက်ပါတော့။ အော်စတင်ကား နှစ်တရာကျော် ကြာအပြီး မြန်မာပြည်ကို ပြန်သွား ကြည့်ချင်စိတ်က အတော်ကလေး ပြင်းထန်နေသည်။ သို့သော် သူလည်း ဘွဲ့ရပေမယ့် အလုပ်လက်မဲ့ ဖြစ်၍ ငွေပိုငွေလျှံ မရှိသောကြောင့် မြန်မာပြည်ကို ဘယ်လို သွားမည်နည်း။ နောက်ဆုံးတွင် မိတ်ဆွေများ အကြံပေးလာသည့်အတိုင်း လုပ်ကြည့်လိုက်သည်။ အဆင်ပြေသည် ငွေလည်း ရသည်။ မြန်မာပြည်ကို သွားနိုင်တော့မည်။ ငွေရလာတာက ဒီလို။ လူဝင်စားများ အကြောင်းကို သုတေသန လုပ်နေသည့် အလှူရှင် ဖောင်ဒေးရှင်းတခုဆီသို့ အော်စတင်က သူ့အကြောင်းကို ဖြစ်ကြောင်းရယ်ကုန်စင် ပရိုပိုဆယ် ရေးတင်ကာ သုတေသန လုပ်လိုသည်ဟု ပန်ကြားလိုက်ခြင်းပင် ဖြစ်သည်။ အလှူရှင် ဒိုနာကလည်း သူ့အကြောင်းကို စိတ်ဝင်စားသောကြောင့် ပရောဂျက် ချပေးခြင်း ဖြစ်ဟန်တူသည်။ တကယ်ဟုတ်လား မဟုတ်လား ဆိုတာကတော့ မသိ။

၆။ ဝါရှင်တန်ဒီစီက မြန်မာသံရုံးကို ဗီဇာလျှောက်ဖို့ အော်စတင် ရောက်သွားသည်။ သံရုံးဝန်ထမ်း မြန်မာများသည် ရိုင်းရိုင်းပြပြ မရှိသော်လည်း အတော်လေး ဘဝင်မြင့်နေဟန်ရှိသည်။ ဘာ့ကြောင့်တုန်းဆိုတော့ ကနေ့ခေတ် မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အချမ်းသာဆုံး နိုင်ငံဖြစ်နေသောကြောင့်ဟု ဆိုသည့် အချက်ကို တွေ့လိုက်ရသည်။ နှစ်ပေါင်း တရာ့ငါးဆယ်ကျော် အတွင်းမှာ မြန်မာနိုင်ငံဟာ အဲသလောက်တောင် တိုးတက်သွားပလားဟု အော်စတင် တွေးနေမိသည်။ သံရုံးမှ အတွင်းဝန်က အော်စတင့်ကို ဗီဇာမပေးပါ။ ဗီဇာလိုချင်ပါက အော်စတင်ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ တသန်း အနည်းဆုံးရှိမှ ပေးနိုင်မည်ဟု ဆိုသည်။ ယခင်က ငွေနည်းနည်းနှင့် မြန်မာပြည်ကို သွားလည်သော အမေရိကန်များ မိခင်နိုင်ငံကို ပြန်မလာဘဲ အကြောင်းရှာကာ မြန်မာနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တင်ကြသောကြောင့် ဟုလည်း သိရသည်။ ထိုသို့ လျှောက်ထားသော အမေရိကန်လူမျိုး အများစုသည် အမှန်တကယ် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်သူများ မဟုတ်ဘဲ အမေရိကန်တွင် မွဲပြာကြနေသူများဖြစ်ပြီး စီးပွားရေးအရ အခွင့်အလမ်း လိုချင်၍ ထိုသို့ခုန်ချခြင်းများ ပြုလုပ်ကြကြောင်း အတွင်းဝန်က အော်စတင်ကို ရှင်းပြလေသည်။ ခက်ချေပြီ အော်စတင်၏ ဘဏ်အကောင့်ထဲတွင် ဒေါ်လာတသန်း မရှိ။ ပရိုပိုဆယ်က ရသောငွေကလည်း လမ်းစားရိတ် စားစရိတ်နှင့် အခြား သက်ဆိုင်သော စားရိတ်များအတွက်သာ ဖြစ်သည်။ ဘယ်လိုလုပ်ရမည်နည်း။

မိတ်ဆွေတဦးက အကြံပြုသည်။ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးကတော့ နည်းနည်းချောင်သည်ဟု ဆိုလာသည်။ အဲသည်တော့ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကို သွားဖို့ဖြစ်လာသည်။ အရင်ဘဝတွေတုန်းက မရောက်ဖူးခဲ့သော မြန်မာတို့၏ ကိုလိုနီသခင်ဟောင်း နိုင်ငံကို ခြေချမိသည်။ လန်ဒန်မြို့၏ လမ်းထောင့်တိုင်းတွင် စစ်သားများ သံချပ်ကားများကို တွေ့နေ ရသည်။ ထူးဆန်းလှချည့်။ နောက်မှ သိရသည်မှာ အင်္ဂလန်နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည်မှာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့။ ဒါ့ကြောင့်ကိုး လန်ဒန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာ့ခွန်နှစ်ဆယ်ကျော်က စစ်အာဏာရှင် လက် အောက်ရောက် ရန်ကုန်နဲ့တောင် တူတူသေးတော့။ ပါလီမန် ဒီမိုကရေစီ ဘိုးအေနိုင်ငံဟု တင်စားခံခဲ့ရသော အင်္ဂလန်ကား မရှိတော့လေပြီ။ ထားလိုက်တော့ သူများကိစ္စတွေ။ အော်စတင့်ကို လန်ဒန်ရှိ မြန်မာသံရုံးက ဗီဇာထုတ်ပေးလိုက်သည်။ ပျော်လိုက်သည်မှာ အတိုင်းထက်အလွန်။

၆။ တနာရီကို မိုင်နှစ်ထောင်နှုန်းဖြင့် အရှေ့တောင် အာရှဒေသကို ပျံသန်းနေသော လေယာဉ်ကြီးပေါ်တွင် အော်စတင် လိုက်ပါလာသည်။ ဘန်ကောက်မှာ တထောက်နားမှာလားလို့ မေးလိုက်သည်။ လေယာဉ်မယ်က အော်စတင့်ကို သနားသလို ကြည့်လိုက်ရင်း ဘန်ကောက် လေဆိပ်မှာ ဒီလိုအဆင့်မြင့် လေယာဉ်မျိုးဆင်းတဲ့ ကွင်းမရှိတဲ့အတွက် ရန်ကုန် ကိုသာ တိုက်ရိုက် ပျံသန်းမှာ ဖြစ်ကြောင်း ရှင်းပြသည်။ အော် ကိုယ့်နိုင်ငံဟာ ဒီလောက်တောင် တိုးတက်နေပါပကောလို့ အော်စတင် တွေးလိုက်မိ၏။ ရန်ကုန်လေဆိပ်ရောက်တော့ လူဝင်မှု ကြီးကြပ်ရေးအရာရှိက ရှိုးမန်းနီး ဘယ်လောက် ပါသလဲဟု စစ်ဆေး သောကြောင့် လန်ဒန်က ဒေါ်လာဖြင့် လဲလာသော မြန်မာငွေစက္ကူ ကျပ်တသိန်းခန့်ကို ထုတ်ပြရ သေးသည်။ အရင်တုန်းကဆိုရင် ရှိုးမန်းနီးက ကျပ်ငွေတထောင်လောက် ပြရင် ရသည်တဲ့။ အခုတော့ ဘတ်ကီးရိုက်ပြီး ဝင်လာတဲ့သူတွေ များလာတာမို့ ရှိုးမန်းနီးက ခုန်တက်သွားတာလို့ ဆိုကြသည်။ မြန်မာကျပ်ငွေဟာ အတော်ကို ခိုင်သွားပြီလို့ အော်စတင် တွေးမိသည်။

ဘယ်ကိုကြည့်လိုက် ကြည့်လိုက် မြန်မာပြည်သည် အမေရိကန်ထက်သာသလို အင်္ဂလန်ထက်လည်း ပိုသာနေသေးသည်။ တိုက်ကြီး တွေမြင့်လိုက်သည်မှာ အထပ် တထောင်ကျော်သည်။ ရွှေတိဂုံ စေတီတော်ကို ဖူးမျှော်လိုပါက ထိုတိုက်ကြီးများ ဟော်တယ်ကြီးများပေါ်မှ ဖူး၍ရနေသည်။ သို့သော် အောက်မှာရှိနေတဲ့ ရွှေတိဂုံစေတီတော်ကို မီးခြစ်ဘူးလောက်သာ မြင်ရသည်။ မော်တော်ကားများကား မြေပေါ်တွင်သာမက လေထဲမှာလည်း သွားလာနေကြသည်။ မိန်းမပျိုလေးများ အမျိုးသမီးများ ဝတ်စားထားသည်မှာ အာကာသ ဝတ်စုံကို မပေါ့်တပေါ် စတိုင်ဖြင့် ဝတ်ထားသလို ဖြစ်နေသည်။ အော်စတင်အဖို့ ကြည့်ရမှာတောင် မဝန့်မရဲ။ ထားပါတော့ သူတို့ခေတ် ပေကိုး။ မြန်မာနိုင်ငံကား နိုင်ငံရေး လူအခွင့်အရေး အရ ကမ္ဘာပေါ်တွင် အလွတ်လပ်ဆုံး တိုင်းပြည်ဖြစ်သလို ချမ်းလည်း ချမ်းသာသည်မို့ မြန်မာလူမျိုးများ အလွန်ဂုဏ်ယူ ကြသည်။ ကမ္ဘာပေါ်တွင် အလွတ်လပ်ဆုံး သတင်းစာများကား မြန်မာပြည်မှာသာ ရှိသည်လို့ သိရသည်။ မြန်မာ့တေးဂီတနှင့် ရုပ်ရှင် လုပ်ငန်းများမှာ ကမBာ့ဈေးကွက်၏ လေးပုံသုံးပုံကို စီးထားမိလေပြီ။ ကောင်းလေစွ။ ဟောလီးဝုဒ်နှင့် ဘောလီးဝုဒ်တို့ကား ကျန်ရစ်ခဲ့ရှာလေပြီ။

သို့သော် အော်စတင် တဖြစ်လဲ မောင်ဖြူလွန်း သဘောမကျတာ တခုကတော့ လမ်းပေါ်တွင် သက်ကြီးရွယ်အိုများ လူကြီးသူမအရွယ် လူများနှင့် ရဟန်းသံဃာတော်များကို လုံးလုံးမတွေ့ရခြင်း ဖြစ်သည်။ မေးကြည့်တဲ့ အခါမှာတော့ အသက်အရွယ် ကြီးသူများကို လူမြင်ကွင်းများတွင် သွားလာနေထိုင်ခွင့် မပြုတော့ဘဲ အထူးစခန်းများတွင် သွင်းကာ ထားသည်ဟု သိရသည်။ ဒီလိုလုပ်ရတာက ဆပ်စတိန်းအေးဘဲလ် ဒီဗဲလောမဲန့် လို့ခေါ်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ခြင်း ပေါ်လစီကို အကောင်အထည် ဖော်ခြင်းဖြစ်သည်ဟု ရှင်းပြကြသည်။ ဒါမှ နိုင်ငံတော် အတွင်းမှာ ပျိုမြစ်နုနယ်ခြင်းကို စဉ်ဆက်မပြတ် ဆက်တိုက် တွေ့နိုင်မည်ဟုလည်း ဆိုကြသည်။ ဘုန်းတော်ကြီးများကတော့ တနိုင်ငံလုံးတွင်မှ အပါးနှစ်ရာကျော်ကျော်သာ ကျန်တော့သည်ဟု သိရသည်။ ဒီခေတ်တွင် ဘယ်သူမှ ဘုန်းကြီး မဝတ်တော့ သောကြောင့်ဟု ဆိုသည်။ ထိုနောက်ဆုံး လက်ကျန် ဘုန်းတော်ကြီးများမှာ အထက်ဗမာပြည် တနေရာတွင် ကျောင်းထိုင်ကာ ဆွမ်းကွမ်း လှူတန်းမည့်သူ မရှိတော့သောကြောင့် ကိုယ့်ဘာသာကိုယ် ထွန်ယက် စိုက်ပျိုးစားနေရ သည်ဟုလည်း ထပ်မံသိရပြန်သည်။ သာသနာကွယ်တော့ မှာပါလား ဆိုသော အသိစိတ်ကြောင့် အော်စတင် အတော်ကို တုန်လှုပ်မိသလို ဒီခေတ် မြန်မာတွေကို တော်တော်လည်း စိတ်ဆိုးမိသည်။

ဤတွင် လူကမျက်နှာဖြူ ဖြစ်နေသော်လည်း မြန်မာစိတ်က အပြည့်အဝ ကျန်ရှိနေသေးသမို့ သည်းမခံနိုင်တော့ဘဲ အော်စတင် တယောက် ကျယ်လောင်စွာ တောက် (တက်) ခေါက်မိလေ တော့သည်။ ဘေးက မြန်မာများက အမေရိကန် လူဖြူတဦးဖြစ်သူ အော်စတင် တယောက် မျက်လုံးကြီးကိုပြူးကာ တောက်ခေါက်သည်ကို ကြည့်၍ ထိတ်လန့် သွားကြပြီး၊ မစ္စတာ ခင်ဗျားနေ ကောင်းရဲ့လား၊ အာယူအိုကေ စသဖြင့် ဝိုင်းဝန်းမေးမြန်းကြသည့်အတွက် အော်စတင် တဖြစ်လဲ မောင်ဖြူလွန်းမှာ ပို၍ စိတ်ဓာတ်ကျသွား လေတော့သည်။ မြန်မာတွေ မြန်မာတွေ တောက်ခေါက်တာကိုလည်း မသိကြ တော့ပါလား။ နောက်ဆုံးမှာတော့ စိတ်ကို မထိန်းနိုင်တော့ဘဲ အော်စတင် တယောက် လမ်းမကြီးပေါ်တွင် ရင်ကိုဖွင့် လက်နှစ်ဖက်ကို မြောက်ကာ ထအော်မိတော့သည်။

၇။ တိုက်ထဲမှ လုပ်ဖော်ကိုင်ဖက် တဦးက ကိုဖြူလွန်း ဘာတွေ ယောင်နေတာလဲ။ ထ ထ ဟိုမှာ တိုက်ပိုင်လာနေပြီ။ အလုပ်ချိန်ထဲမှာ ခင်ဗျား ကွန်ပြူတာခုံပေါ်မှာ မှောက်အိပ် နေတာတွေ့ရင် ပြဿနာတက်ဦးမယ်၊ တိုက်ပိုင်က နဂိုကမှ အပေါက်အစပ် များရတဲ့အထဲ ဆိုပြီး နှိုးလေတော့သည်။ မောင်ဖြူလွန်း အိပ်မက်မက်နေခြင်းပင်။ အိပ်မက်ထဲက ဘုန်းကြီးအပါး နှစ်ရာကျော်ကျော်သာ မြန်မာပြည်မှာ ကျန်တော့တယ် ဆိုတဲ့ ကိစ္စကို တကယ်မဟုတ်မှန်း သိသော်လည်း ဝမ်းနည်းသလိုလို ဖြစ်မိရသေးသည်။ သို့သော် အိပ်မက်ထဲကလို အလုပ်လူလျှော့တဲ့ အထဲ ကိုယ်မပါသေးဖူး ဆိုတာ သိရတော့ ဝမ်းသာရ ပြန်သည်။

ထိုညနေက ချင်းမိုင်ရှိ မြန်မာအရက်ဆိုင်တွင် မောင်ဖြူလွန်းနှင့် အသောက်သမား တသိုက် ခေါင်းစဉ်သစ်တခုကို အပြင်းအထန် ဆွေးနွေး ငြင်းခုန်နေကြသည်။ ဆွေးနွေးတာက ဘာတုန်းဆိုတော့ အရင်ဘဝက အကြောင်းအရာတွေကို လူပြန်ဖြစ်တဲ့ နောက်ဘဝမှာ မှတ်မိဖို့ လို-မလို၊ အဲသလို မှတ်မိခြင်းဟာ ကောင်းမကောင်းဆိုတဲ့ ကိစ္စပဲ ဖြစ်တော့သည်။

ဇော်မင်း
၁၆ ရက် သြဂုတ်လ ၂ဝ၁၁ ခုနှစ်

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.