ရွက်မွန်စာမျက်နှာ

Wednesday, October 2, 2013

အကျင့်ပျက် ခြစားသူ အရာရှိများ၏ စိတ်ဓာတ်အခြေအနေ

စက် တင်ဘာ ၁၀ ရက်နေ့က တရုတ်နိုင်ငံ တရားရုံးတစ်ခုတွင် ရထားဌာနမှ အရာရှိတစ်ဦးဖြစ်သူ ဇန် ရှူဂေါင်း (Zhang Shugaung) ကို ဒေါ်လာ ၇.၇ သန်း လာဘ်စားမှုဖြင့် အပြစ်ချသည်။ သူက ပုဂ္ဂိုလ်ရေးအတွက် ရယူမိကြောင်း ဝန်ခံသည်။ သူက လေ့လာမှု အားလျော့လာခြင်းနှင့် သူ့စိတ်ကို လွှတ်ပေးလိုက်မိခြင်းကြောင့် ဤသို့ကျဆုံးခန်းဖြစ်စေခဲ့ရ ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ၎င်းဖြစ်ရပ် မတိုင်မီ ၃-လ အလိုလောက်က သူ၏ ဆရာ ဖြစ်သူ ရထားဌာနမှ အရာရှိကြီး လျူ ဇီဂျွန်း (Liu Zhijun) က "သူ၏ ဝန်ထမ်းများ လေ့လာမှု အားနည်းကြသည်၊ ထို့ အတွက်ကြောင့် နောက်ဆုံး ကျဆုံးခြင်း ရောက်ကြရသည်" ဟု ပြစ်တင်ဝေဖန်ခဲ့သေးသည်။ သူလည်း သိပ်မကြာလိုက်ပါ။ ခြစားမှု၊ အာဏာအလွဲသုံးစား ပြုမှုများဖြင့် သေဒဏ် အပြစ်ပေးခံခဲ့ရသည်။ မည်သည့်အတွက်ကြောင့် အစိုးရ အရာရှိကြီး များ လာဘ်စားကြပါသနည်း။ ပြီးခဲ့သည့်နှစ်က ရဲအရာရှိတစ်ဦးက မှတ်ပုံတင် အတုများဖြင့် အိမ်ပေါင်း ရာကျော်ဝယ်ထားခဲ့ ကြောင်း ဘီဘီစီသတင်းတွင် ကြားသိခဲ့ရသည်။ ချုံကင်းရှိ နာမည်ကျော် ပါတီအကြီးအကဲ ဘောင်ဂျီလိုင် (Bo Xilai) ကို လည်း မကြာသေးမီကပင် အကျင့်ပျက်ခြစားမှုဖြင့် တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချခဲ့ပါသေးသည်။


မကြာသေးမီက ဖတ်ရသည့် ဆောင်းပါးတစ်ပုဒ်တွင်တော့ တရုတ်ပြည်ရှိ အကျင့်ပျက်တိုက်ဖျက်ရေး အရာရှိဟောင်း လျူ ဂျီဇောင်း (Liu Jizhou) က သေချာ သုတေသနပြု၍ "အကျင့်ပျက် ခြစားသူ အရာရှိများ၏ စိတ်ဓာတ်အခြေအနေ" (Psychology of Fallen Corrupt Officials) ဟူသည့် စာအုပ်တစ်အုပ် ထုတ်ဝေခဲ့သည်ဟု သိရသည်။ တရုတ်ပြည်၊ ပါတီဗဟိုလေ့ကျင့်ရေးကျောင်းက ယခုစာအုပ်ကို ထုတ်ဝေဖြန့်ချိထားသည်ဟု ဆိုသည်။ ဖတ်ကြည့်ချင်၍ အမေဇုန်လို နိုင်ငံ တကာ စာအုပ်အရောင်းဆိုင်များတွင် ရှာတော့လည်း မတွေ့၊ တရုတ်ဘာသာဖြင့်လား၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား သည်လား မသိပါ။ သူကတော့ တရုတ်ပြည် လူမှုရေးအဆောက်အဦတွင် အကျင့်ပျက်ခြစားမှုက ထိုးဖောက်နေရာယူထား ပြီဟု ဆိုနေသည်။ ဤကိစ္စအပေါ်တွင်လည်း သုံးသပ်လိုဟန်၊ နည်းလမ်းရှာလိုဟန် ရှိပုံရပါသည်။

မိမိ ဖတ်မိသည့် ဆောင်းပါးတွင် အမြည်းတွေ့ရသမျှတော့ သူက ပုဂ္ဂိုလ်ရေး၊ စိတ်ဓာတ်ရေးရာ အကြောင်း ၁၀-ခုကို သတ္တု ချ နိဂုံးချုပ်ထား သည်ဟု ဆိုပါသည်။ အရာရှိ ၃၀၀ ကျော်ကို စုံစမ်း သုတေသနပြု၍ ရေးသားထားခြင်းလည်း ဖြစ်သည်။ ဤအချက်များတွင် အာဏာကို အလွန်အမင်း လိုအပ်နေခြင်း၊ လောဘတရား၊ ချက်ချင်း အလိုဆန္ဒ ပြည့်ဝလိုစိတ် ဖြစ်ပေါ် နေခြင်း၊ မနာလိုစိတ်၊ သူတို့ကြိုးပမ်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းတစ်ခုခုအတွက် ထိုက်ထိုက်တန်တန် ပြန်လည်မရရှိဟု ယူဆသည့်အတွက် လျော်ကြေးအဖြစ် ပြန်လည် ရယူလိုနေခြင်း၊ စွန့်စား၍ တစ်ခုခုကို ရယူလိုသည့် စိတ်ဓာတ်၊ တစ်ခုခု လုပ်ပေးရသည့် အတွက် တစ်ခုခုကို ပြန်လည်ရယူလိုသည့်စိတ်၊ ကလေးများကို အလိုလိုက်သည့်စိတ် စသည့်အချက်များ ကို ဖော်ပြထားပါသည်။

သုတေသနပြုချက် အများအရ အရာရှိများက သူတို့အန္တရာယ်များသော လမ်းကို လျှောက်လှမ်းနေမိပြီဟု သိမြင်ကြသည် ဟုလည်း ဆိုသည်။ သို့သော် သူတို့ကို စေ့ဆော်နေသည့် အကြောင်းများလည်း ရှိနေပြန်သည်၊ လစာနည်းခြင်း၊ ဥပဒေအရ လစ်ဟာနေမှုများကို မြင်နေရခြင်း၊ လေ့လာစောင့်ကြည့်နေသည့် စနစ် အားနည်းနေခြင်း၊ အဖော်အပေါင်းတို့က ဖိအားပေး နေခြင်း တို့ကလည်း သူတို့လာဘ်စားဖြစ်အောင် တွန်းပို့နေကြပါသည်။ ထို့အပြင် တချိန်က ရာထူးကြီးကြီး အရာရှိဖြစ်ခဲ့သူ များအဖို့ စီးပွားရေးလုပ်ငန်းရှင်များထက် ချို့ငဲ့နေကြသည်ကို တွေ့ရသည့်အခါ သူတို့၏ စိတ်အတွင်းသဘောတွင် မညီမမျှ ဖြစ်နေရသည်။ ဤသို့ဖြင့် မိမိ၏ လုပ်ဖော်ကိုင်ဖက်များက လာဘ်ယူကြသလို လိုက်၍ ယူလာကြသည်ဟုလည်း သုံးသပ် ဖော်ပြထားသည်။

ထိုအခါ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့် ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး ဆောင်းပါးကို သတိရမိပြန်သည်။ ဤဆောင်းပါးတွင် သူက "အကျင့်ပျက်ခြစားမှုကို ဖြစ်စေသည်မှာ အာဏာမဟုတ်၊ ဤအာဏာကို လက်လွှတ်ရမည့် အကြောက်တရားသာ ဖြစ်သည်" ဟု နိဒါန်းချီထားသည်။ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟ ဂတိ၊ ဘယာဂတိတို့ကြောင့်သာ အကျင့်ပျက်ခြစားမှု ဖြစ်စေသည်။ အကြောက်တရားနှင့် အကျင့်ပျက်ခြစားမှုက အလွန် နီးနီးကပ်ကပ် ရှိနေကြောင်းကို ဆွေးနွေးထားသည်ကို ဖတ်ရဖူးသည်။

စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်ကလည်း အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ စာတမ်းတစ်စောင်ရေးသား ဆွေးနွေးခဲ့ ဖူးသည်။ သူကတော့ အချက် ၃-ချက်ဖြင့် ကြည့်မြင်ရန် လိုအပ်သည်ဟု ဆိုသည်။ အကျင့်ပျက်ခြစားမှုက နေရာမရွေး (universal) ဖြစ်နေသည်။ ဖွံ့ဖြိုးပြီး ချမ်းသာသည့် နိုင်ငံများရော၊ ဆင်းရဲသည့် နိုင်ငံများတွင်ပါ ရှိနေသည်ဟု ဆိုသည်။ အကျိုးအမြတ် မယူသည့်အဖွဲ့များသာမက၊ အလှူပေးရေး အဖွဲ့အစည်းများတွင်ပါ ရှိနေသည်ဟု ဖော်ပြသည်။ ဒုတိယ အချက်က ယခုကာလတွင်မှ နိုင်ငံရေးတွင် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ ပိုမိုပြောဆို နေရာယူလာသည်ဟု ဆိုသည်။ တတိယ အချက်က အကျင့်ပျက် ခြစားမှုက တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အဟန့် အတား ဖြစ်နေသည်ဟု ဆွေးနွေးခဲ့ပါသည်။ အကျင့်ပျက်ခြစားမှု ဖြစ်လာစေသည့် အကြောင်းများအတွက် ဥပဒေများ၊ စည်းမျဉ်းများ အားနည်းခြင်း၊ ပွင့်လင်းမြင်သာ မရှိခြင်း၊ ဥပဒေ မတည်ငြိမ် တသမတ်တည်း မဖြစ်ခြင်းတို့ကို ထောက်ပြထားပြီး၊ လူတစ်ဦး တစ်ယောက်အဖို့ လိုရာသုံးခွင့် အာဏာကြောင့်လည်း ပျက်စေသည်ဟု ဆိုပါသည်။ တာဝန်ယူ တာဝန်ခံမှုကလည်း အရေး ကြီးပါသည်။ ဆရာဦးမြင့်က (Klitgaard 1998) ၏ အကျင့်ပျက် ခြစားမှု ဖြစ်စေသည့် ပုံသေနည်းတစ်ခုကို ယူ၍လည်း တင်ပြထားခဲ့သည်။ ၎င်းမှာ C = R + D- A ဖြစ်သည်။

ဤနေရာတွင် C မှာ Corruption အကျင့်ပျက် ခြစားမှု ဖြစ်ပြီး၊ R က Economic Rent (စီးပွားရေးအရ အကျိုးအမြတ် ခံစား ခွင့်) [ကျနော့်မိတ်ဆွေ တစ်ဦးက ဘောပင် စီးပွားရေး၊ လက်မှတ်တစ်ချက် ထိုးရုံဖြင့် အလုပ်ဖြစ်နေသည့် စီးပွားရေး ဟု ပြောသည်ကိုလည်း အမှတ်ရမိသည်။] D က Discretionary Power လုပ်ချင်ရာ လုပ်ပိုင်ခွင့် တစ်ချက်လွှတ်အာဏာ ဖြစ် သည်။ A ကတော့ Accountability တာဝန်ယူ တာဝန်ခံမှု ဖြစ်ပါသည်။ ဆရာကြီးက ဤပြဿနာကို ဝယ်လိုအားဖက် နှင့် ရောင်းလိုအားဖက် (Supply and demand) ဖက်မှလည်း ရှုမြင်၍ ဆွေးနွေးထားပါသေးသည်။ ယူသူဖက်ကချည်းသာ မဟုတ် ပေးသူများဖက်ကလည်း တာဝန်ရှိသလောက် ရှိပါသည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ဗျူဟာများစွာ ကျင့်သုံးနေကြပါသည်။ နိုင်ငံတကာ လှုပ်ရှားမှုများတွင် ပါဝင် ပူး ပေါင်းခြင်း၊ ဝန်ဆောင်မှုများအတွက် စံချိန်စံနှုန်းများ သတ်မှတ်ထားခြင်း၊ ပုဂ္ဂလိကကဏ္ဍ အတွက် လိုက်နာရမည့်ကျင့်ဝတ် များ ထားရှိခြင်း၊ အစိုးရယန္တယားများကို အားကောင်း ခိုင်မာစေခြင်း၊ နည်းပညာသစ်များကို အသုံးချခြင်း၊ ပြည်သူများ ပူး ပေါင်း ပါဝင်စေခြင်း၊ သတင်းရရှိပိုင်ခွင့်ကို ပြဌာန်းပေးခြင်း စသည်တို့ ရှိနေကြသည်။ တရုတ်ပြည်ကတော့ ဝါဒရေးရာအရ ပညာပေးခြင်း နှင့် မိမိကိုယ်တိုင် ဝေဖန်ဆန်းစစ်စေခြင်းတို့ကိုပါ ကျင့်သုံးနေကြပါသည်။ ပညာရေးအရ ကလေးများကိုပါ ပညာပေး လှုပ်ရှားနေကြသည်လည်း မရှားပါ။ မြန်မာနိုင်ငံတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို မကြာ သေးမီကပင် ပြဌာန်းခဲ့ပါသည်။ ဥပဒေ သက်ဝင်လာမည့်အရေး စောင့်ကြည့်ကြရပေဦးတော့မည်။

အောင်သူငြိမ်း
စာကိုး
Aung San Suu Kyi. 2010. Freedom from fear: And Other Writing, Revised Edition, Pinguin Book.
U Myint. December 2000. "Corruption: Causes, Consequences and Cures", Vol. 7. No. 2, Asia Pacific Development Journal, Retrived online at http://www.unescap.org/drpad/publication/journal_7_2/myint.pdf
The Nation, September 25, 2013. Bai Ping, "Indiscipline causes corruption", Retreived online at http://www.nationmultimedia.com/opinion/Indiscipline-causes-corruption-30215543.html

1 comment:

Sandra Lwin said...

C=R+D-A

Aကသာ R နဲ့ D ပေါင်းထားတာ ထပ်များမယ်ဆိုရင်တော့ ချစားတာ မရှိတော့ဘူးဆိုတဲ့သဘောပေါ့။ ကြိုက်ပြီဟေ့ ဒီ ဖော်မြူလာ။ A ကို များအောင် လုပ်ဖို့ က ပညာရေး လိုတယ်၊ R ကို နဲအောင် က စီးပွားရေး ကောင်းဖို့ လိုတယ်၊ D ကို ထိန်းနိုင်ဖို့က တိုင်းပြည် အခြေခံ ဥပဒေ system ကောင်းဖို့လိုတယ်။ လူတယောက်ကို ပညာရှိအောင် လုပ်ဖို့ လွယ်တာလား၊ တိုင်းပြည် စီးပွားရေး ကောင်းအောင် လုပ်ဖို့ က ပိုလွယ်တာလား၊ system ရှိလာအောင် လုပ်ဖို့က ရော ဘယ်လို ရှိသလဲ။ system တခုတည်း သား ကောင်းလာရင်တော့ တခြား ပညာရေးတို့ စီးပွားရေးတို့လည်း ကောင်းလာနိုင်တာပဲ .....

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.